ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ သတင်းမီဒီယာဆက်စပ်မှု၊ သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး မီဒီယာဂျာနယ်တွေက တာဝန်ရှိသူတွေ ဒီနေ့ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာကျင်းပတဲ့ လူငယ်ငြိမ်းချမ်းရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ မှာ ဟောပြောခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ လူသုံးများလာတဲ့ လူမှုရေးအင်တာနက်စာမျက်နှာ facebook လို မီဒီယာမျိုးမှာ ရေးသားမှုတွေကို အသိစိတ်နဲ့ စစ်ဆေးကြပြီး ရေးသားဖတ်ရှုကြဖို့အပြင် မိမိတင်တဲ့အကြောင်းအရာပေါ် တာဝန်ခံမှုရှိကြဖို့ကို living color မီဒီယာအဖွဲ့က အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောခဲ့ပါတယ်။
ဇူလိုင်လ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေတဲ့ အဲဒီနှီးနှောဖလှယ်ပွဲဟာ လူငယ်တွေ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပိုပါဝင်လာဖို့ ရည်ရွယ်ချက်နဲ့ The Innovative အဖွဲ့က ဦးစီးကျင်းပတာဖြစ်ပါတယ်။
မနေ့က ဆွေးနွေးပွဲမှာတော့ သမ္မတရုံးဝန်ကြီးလည်းဖြစ် ငြိမ်းချမ်းရေးလုပ်ငန်း အကောင်အထည်ဖေါ်မှုကော်မတီ ဒုတိယဥက္ကဌလည်းဖြစ်သူ ဝန်ကြီး ဦးအောင်မင်း တက်ရောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖေါ်ဆောင်မှုနဲ့ ပတ်သက်လို့ လူငယ်တွေကို ရှင်းပြခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ နိုင်ငံရေး၊ လူမှုရေးအဖွဲ့တွေက လူငယ်ကိုယ်စားလှယ် ၂၀၀ လောက် တက်ရောက်ပြီး လူငယ်တွေတွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေ၊ အတွေ့အကြုံတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။