အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံကျင်းပ ဖို့ ပြင်ဆင်နေတာဟာ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့မဟုတ်ဘဲ လူငယ်တာဝန်ခံတွေ ရွေးချယ်ဖို့သာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အပြီး မှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ် မေးခွန်းတွေကို ဖြေကြားရာမှာ အခုလို ထည့်သွင်းပြောလိုက်တာပါ။
“လူငယ်ညီလာခံတွေက လူငယ်တာဝန်ခံတွေ ကို ရွေးချယ်မှာ၊ ဒီလူငယ်တာဝန်ခံတွေထဲမှာ ဘယ်နှစ်ယောက်က ဘယ်သူတွေက ကိုယ်စားလှယ်ရဲ့ အရည်အချင်းနဲ့ ပြည်စုံနေမယ် ဆိုတာ မသိဘူး၊ အန်တီတို့ပြောတယ်၊ အမျိုးသမီးတွေကို ဦးစားပေးမယ်၊ လူငယ်တွေကို ဦးစားပေးမယ်၊ တိုင်းရင်းသားတွေကို ဦးစားပေးမယ်၊ ဒါပေမယ့် နံပါတ် ၁ က အရည်အချင်းပဲ၊ အရည်အချင်းက အဓိက”
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မူချမှတ်ထားပြီးဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။ ပထမဦးစားပေးရွေးချယ်မှုအဖြစ် အရည်အချင်းကိုသာ အဓိကထားမှာဖြစ်ကြောင်း၊ အဲဒီမှာ အမျိုးသားနဲ့ အမျိုးသမီး အရည်အချင်းတူနေရင် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကိုသာ ဦးစားပေးရွေးချယ်မှာဖြစ်သလို လူကြီးနဲ့လူငယ် အရည်အချင်းတူနေရင် လူငယ်တွေကို ဦးစားပေးရွေးချယ်မှာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဗမာတိုင်းရင်းသားနဲ့ တခြားတိုင်းရင်းသား အရည်အချင်းတူနေရင် ဗမာမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေကိုသာ ဦးစားပေးရွေးချယ်သွားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။