တောင်ဥက္ကလာပလူငယ်တွေ HIV/AIDS လူနာတွေကို ငွေလှူ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာစောနိုင်နဲ့ မြို့နယ်အတွင်းက လူငယ်တချို့ ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွင့်လှစ်ထားတဲ့ HIV/AIDS လူနာဂေဟာကို ဒီကနေ့ သွားရောက်ပြီး ငွေလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

2011.01.09
assk_aids_health_305_z.png ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ HIV-AIDS ဝေဒနာသည်များ ဂေဟာသို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်) နိုဝင်ဘာ ၁၇ ရက်က သွားရောက် ကြည့်ရှုစဉ် အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

တောင်ဥက္ကလာပ မြို့နယ်အတွင်းက လူငယ်တွေဟာ ကွန်ယက်သဘောမျိုး ဖွဲ့စည်းပြီး ငွေလှူဒါန်းခဲ့ကြတာ ဖြစ်တယ်လို့ ဒေါက်တာစောနိုင်က အာအက်ဖ်အေကို ပြောပါတယ်။

“ကွန်ယက်သဘောမျိုး ပေါ့လေ။ တောင်ဥက္ကလာက လူငယ်လေးတွေ ကျနော်တို့ စုပြီးတော့ အလှူငွေ သွားပေးတာ။ တောင်ဒဂုံ (၁၈) ရပ်ကွက်က မဖြူဖြူသင်း ဦးစီးတဲ့ HIV/AIDS ဂေဟာမှာလေ။ အားလုံး ၁ သိန်း ၇ သောင်းပေါ့။ တယောက်ကို ၁ ထောင် ၂ ထောင် စုပြီးတော့ အားလုံး ၂၅ နှစ် ပတ်ဝန်းကျင် လူငယ် အတော်များများပါပဲ။ ကျနော်တို့ သွားလှူတော့ သူတို့တော်တော် ပျော်တာပေါ့။ ရွေးကောက်ပွဲအပြီးမှာ လူငယ်တွေကလည်း နိုင်ငံရေးမှာ တော်တော် စိတ်ဝင်စားလာတယ်။ အဲဒါနဲ့ ကျနော်တို့ စုပြီး ဖွဲ့ထားတာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနိုင်ငံလုံး ကွန်ယက်အဖွဲ့နဲ့လည်း နောက်ပိုင်းတော့ ချိတ်ဆက်ပြီး အလုပ်လုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ရာနိုင်ရာ လူငယ်အဖွဲ့လေးတွေ ဖွဲ့ပြီးတော့ လူမှုရေးလုပ်ငန်းလေးတွေ လုပ်ဖို့ ကျနော်တို့ ဟိုတခေါက် သွားတွေ့တုန်းက ပြောတယ်လေ။ ကျနော်တို့က ကျနော်တို့ နိုင်တဲ့ဘက်က လုပ်တဲ့ သဘောပါပဲ။ လူမှုရေးတင် မဟုတ်ဘူး၊ နိုင်ငံရေးကိစ္စပါ လုပ်ဖို့ ပြင်ဆင်ထားတာပါ။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူမှု အထောက်အကူပြု အဖွဲ့က စောင့်ရှောက်ထားတဲ့ အဲဒီ HIV/AIDS ဂေဟာကို သွားရောက် အားပေးခဲ့သလို ဝေဒနာရှင်တွေအတွက် အကူအညီတွေ ပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။