အဲဒီ ဆွေးနွေးပွဲမှာ သူတင်ပြပြောဆိုခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကိုဇာဂနာက အခုလို ရှင်းပြပါတယ်။
"ကျွန်တော်အနေနဲ့လည်း မြန်မာနိုင်ငံမှာ Pen လို အဖွ့ဲအစည်းမျိုး မြန်မာနိုင်ငံမှာ ရှိစေချင်တယ်။ အဲဒီအတွက်လည်း ကျွန်တော် သူတို့ကို ထုတ်ဖော်ပြီး မေတ္တာရပ်ခံတယ်ပေါ့။ ကျွန်တော် freedom of expression ကို လူပျက် လုပ်လာတဲ့ တလျှောက်လုံးမှာပေါ့။ ဒါကိုပဲ တောက်လျှောက်လုပ်လာတယ်။ ဒီအခွင့်အရေး တရပ်ကိုပဲ ဆိုက်လိုက်မတ်တပ် တောင်းဆိုလာတယ်။ အဲဒီအတွက်လည်း ကျွန်တော်ဘဝကို ရင်းခဲ့တယ် ဆိုတော့ အခုချိန်ထိပဲ အဲဒီ freedom of expression ဆိုတာကိုပဲ ဦးတည်နေတယ်ဆိုတာကို ကျွန်တော် သူ့တို့ရှေ့မှာ ပြောပြခဲ့တယ်ခင်ဗျ"
သူ့ဟောပြောချက်တွေထဲက သူပထမဦးဆုံး ကဗျာစတင်ရေးဖွဲ့တုန်းက အကြောင်းတွေ ပြောပြတဲ့အခါမှာ လာရောက်နားထောင်တဲ့ ပရိသတ်တွေထဲက မျက်ရည်ကျတဲ့ သူတောင်ရှိတယ်လို့လည်း ပြောပါတယ်။
"ကျွန်တော် ကဗျာစရေး ဖြစ်တဲ့အချက်ကလေးကို သူတို့ကြိုက်သွားတယ်လို့ ထင်ပါတယ်။ အဲဒီချိန်တုန်းက ၁၉၈၈ ထောက်လှမ်းရေးတပ် (၆) ဝန်းထဲမှာ ကျွန်တော် တော်တော်နှိပ်စက်ခံထားရလို့ လဲနေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ ကျွန်တော့်ရှေ့မှာ သံတံခါးတစ်ခုရှိတယ်။ အဲဒီရှေ့မှာ သစ်သားတံခါးကြီး တစ်ခုရှိတယ်။ အဲဒါကြီးကို ကျွန်တော်မြင်နေရတယ်ဗျ။ ဒါပေမယ့် အဲဒီတံခါးကြီးက အမြဲပိတ်ထားတယ်။ ဒါပေမယ့် ထမင်းကျွေးမယ်၊ ရေလာပေးမယ် ဆိုတဲ့အချိန်ကျ အဲဒီတံခါးက ပွင့်တယ်ဗျ။ ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုရတယ် ။တံခါးက အမြဲမပိတ်ပါလား။ ဒီတံခါးက တချိန်ကျရင် ပွင့်တယ်၊ အဲဒီတော့ တနေ့ကျရင် ငါလွတ်ရမယ် ဆိုတဲ့အတွေးလေးရတယ်။ အဲဒီတုန်းက ကျူဖျာကြမ်းကြမ်းကြီးတွေအပေါ်မှာ အိပ်ရတယ်။ အဲဒီကဗျာလေးက ကျွန်တော့်ဘဝရဲ့ ပထမဦးဆုံးကဗျာပဲ။ ကျွန်တော့်ဘဝရဲ့ ပထမဦးဆုံးကဗျာကလည်း အဲဒီလို အကျဉ်းထဲ အကျပ်ထဲ တော်တော် စိတ်ပျက်စရာကောင်းတဲ့ ဘဝရောက်နေတုန်းမှာ ရလိုက်တော့ အဲဒီကဗျာ ရပုံရနည်းနဲ့ အဲဒီကဗျာ ရေးပုံရေးနည်းကို ပြောပြလိုက်တော့ တစ်ယောက်ဆို ငိုတယ်ဗျ"
နိုင်ငံတကာ PEN အဖွဲ့ကနေ မြန်မာနိုင်ငံမှာလည်း PEN အဖွဲ့ ဖွဲ့ဖို့နဲ့ ကမ္ဘာ့အနုပညာရှင်တွေနဲ့ မြန်မာ့အနုပညာရှင်တွေ ဖလှယ်နိုင်အောင် သူတို့ကူညီမယ့်အကြောင်း ကမ်းလှမ်းတဲ့အတွက် အဲဒီကိစ္စကို ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။
"Pen ကတော့ အမေရိကားရောက်နေကတည်းက တောက်လျှောက် ကမ်းလှမ်းတယ်ခင်ဗျ။ ဗမာပြည်မှာလုပ်ပါ ။ ဘာလို့လည်းဆိုတော့ ဒီဥစ္စာက ပိုက်ဆံကုန်တာ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ လူစုရုံပဲ ဆိုတော့ ကျွန်တော်တို့ အချင်းချင်းကြားထဲမှာ မျှဝေပီးတော့ သဘောတူတဲ့ လူတွေစုလိုက်တာ၊ စုလိုက်တော့ အဖွဲ့လေးတစ်ခုဖြစ်သွားမယ်။ ဖြစ်သွားတဲ့အခါမှာ သူတို့အနေနဲ့ကလည်း အနုပညာအရ ဆိုတော့ ဒီက စာရေးဆရာတွေ ကျွန်တော်တို့ဆီလာမယ်။ ကျွန်တော်တို့ဆီက စာရေးဆရာတွေလည်း သူတို့ဆီပို့မယ် ဆိုတော့ မြန်မာ့အနုပညာလည်း ကမ္ဘာကသိမယ်၊ ကမ္ဘာ့အနုပညာလည်း မြန်မာကရမယ် ဆိုတော့ အနုပညာချင်း ဖလှယ်ကြတဲ့သဘော၊ သို့သော် ဘယ်လို အနုပညာလည်းဆိုတော့ လွတ်လပ်စွာ ရေးသားဖော်ပြ၊ လွတ်လပ်စွာ ဖော်ထုတ်တင်ပြတဲ့ဟာကို ပြည်သူတွေလည်း ချပြလို့ရမှာပေါ့"
အခု ကျင်းပတဲ့ လွတ်လပ်စွာ ရေးသားဖော်ပြခွင့် ဆွေးနွေးပွဲကို နိုင်ငံတော်တော်များများက ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ သတင်းစာဆရာတွေနဲ့ မြန်မာနိုင်ငံသား စာပေဝါသနာရှင်တွေ အပါအဝင် လူ ၅၀ ကျော် တက်ရောက်တာကို တွေ့ရပါတယ်။
