ကိုဇာဂနာ ဗြိတိန်နိုင်ငံကို မကြာခင် သွားမည်

Amnesty International အဖွဲ့ရဲ့ဖိတ်ခေါ်ချက်အရ လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ကိုဇာဂနာ ဗြိတိန်နိုင်ငံကို မကြာခင် သွားရောက်မယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံမှာ ရှိနေစဉ်အတွင်း ကိုဇာဂနာဟာ ဝေလနယ်မှာ ကျင်းပမယ့် Hays festival ခေါ် အနုပညာ ပွဲတော်မှာ နိုင်ငံတကာက ဟာသပညာရှင်တွေနဲ့ အတူ ပရိသတ်ကို ဖျော်ဖြေမယ်လို့လည်း သိရပါတယ်။

ကိုဇာဂနာရဲ့ ဗြိတိန်နိုင်ငံ ခရီးစဉ်ဟာ တစ်လလောက် ကြာမြင့်မယ်လို့ ကိုဇာဂနာရဲ့ခယ်မဖြစ်သူ မငြိမ်းက RFA ကို ပြောပါတယ်။

“ ၃၁ ရက်နေ့ ထွက်မယ်။ တစ်လလောက် ကြာမယ်လို့တော့ ပြောပါတယ်။ ဖိတ်တာက Amnesty International ကပါ။ အခမ်းအနားတက်ဖို့ အဓိကပေါ့နော်”

Hays festival ကို မေလ (၃၁) ရက်ကနေ ဇွန်လ (၁၀) ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီ ပွဲတော်ဟာ ကမ္ဘာတဝှမ်းက ကဗျာဆရာ၊ စာရေးဆရာ၊ အနုပညာရှင်၊ သရုပ်ဆောင်၊ ဒါရိုက်တာ၊ လူရွှင်တော်၊ ဂီတပညာရှင်တွေ၊ ဥယျာဉ်မှူးတွေ နဲ့ သိပ္ပံပညာရှင်၊ သမိုင်းပညာရှင်တွေကို ဖိတ်ကြားပြီး စကားဝိုင်းတွေနဲ့ စကားစစ်ထိုးပွဲတွေ အပါအဝင် အနုပညာနဲ့ ဘာသာရပ်အထွေထွေဆိုင်ရာ ဆွေးနွေးပွဲတွေကို (၁၀) ရက်ကြာ ကျင်းပပေးတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။