ဘာသာပေါင်းစုံ အဖွဲ့ဝင်တွေ ကေအိုင်အေ ဆက်သွယ်မှုနဲ့ ထောင်ကျ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးက ကမ်းလက်များ ဘာသာပေါင်းစုံအဖွဲ့က ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့နှစ်ဦးကို ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်စခန်းကို သွားရောက်ခဲ့လို့ဆိုပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)နဲ့ ဒီကနေ့ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကေအိုင်အေ ထိန်းချုပ်နယ်မြေက စစ်ဘေးဒုက္ခသည်စခန်းမှာ ပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး အဖမ်းခံခဲ့ရပြီး အခုလို အမိန့်ချမှတ်ခံခဲ့ရတာလို့ ကိုဇော်ဇော်လတ်က ပြောပါတယ်။

"ဒီပုဒ်မကကြာလှပြီ၊ အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက တို့ဗမာအစည်းတို့ ဘာတို့ကို မတရား အသင်းနဲ့ စွဲလို့ရအောင်လို့ ဒီပုဒ်မတွေနဲ့ ပြဌာန်းခဲ့ပြီးတော့ ချထားခဲ့တဲ့ဟာ၊ ဒီနေ့ခေတ်ကာလ အခြေအနေနဲ့ လုံးဝကို ဒီပုဒ်မတွေကမရှိသင့်ဘူး၊ ကျနော်တို့ကိုကျတော့ ငြိမ်းချမ်းရေးလုပ်လို့ဆိုပြီး စွဲတယ်၊ သူတို့တွေလည်း ငြိမ်းချမ်းရေးလုပ်နေတာ အရင်အစိုးရလက်ထက်က MPC တို့ ဘာတို့နဲ့ လုပ်နေတာ မတရားအသင်းကြေညာထားတဲ့ အုပ်စုတွေနဲ့လည်း တွေ့ဆုံကြတယ်၊ ပြည်ထောင်စု ဝန်ကြီးတွေမှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုရင်တောင်မှ ပြည်ထောင်စုဝန်ကြီးတွေနဲ့ လိုက်ပါလုပ်ဆောင်ပြီး သွားလာနေတဲ့လူတွေ အဖွဲ့အစည်းတွေ နောက်ဆုံးကားမောင်းပေးတဲ့လူတွေလည်း သူတို့လည်း မတရားအသင်းနဲ့ ဆက်သွယ်တာပဲ၊ သူတို့ကိုလည်း ဒီပုဒ်မနဲ့စွဲပြီး ဖမ်းလို့ရတယ်"

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဧပြီလက ချင်းပြည်နယ် တီးတိန်မြို့ကို ဘာသာပေါင်းစုံချစ်ကြည်ရေး ခရီးစဉ်အနေနဲ့ သွားရောက်ခဲ့စဉ်တုန်းက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဝင်ရောက်ခဲ့တာကို တရား မဝင် နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃(၁)နဲ့ ချမ်းအေးသာစံတရားရုံးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တဲ့အတွက် စုစုပေါင်း ၄နှစ်ကျခံရမှာ ဖြစ်ပါတယ်။

အခုလို ထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ် အယူခံမတက်တော့ဘူးလို့ ပြောပါတယ်။