ဒီနှစ်အတွက် ရွေးချယ်ခံရတဲ့ အမျိူးသမီးဆုရှင် ၁၀ ဦးလုံးဟာ လာဘ်စားမှု၊ ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ခွဲခြားဆက်ဆံမှုတွေကို ဦးဆောင် တိုက်ပွဲဝင်နေသူတွေဖြစ်တယ်လို့ အခမ်းအနားမှာ အမေရိကန် သမ္မတကတော် Michelle Obama က ပြောဆိုပါတယ်။ မြန်မာအမျိုးသမီးမဇင်မာအောင်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကိုအာဏာလွှဲပေးဖို့ စာရေးသားတောင်းဆိုရုံနဲ့ အသက် ၂၂ နှစ်မှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရတယ်လို့ Michelle Obama က ပြောပါတယ်။
ဆုကို လက်ခံရရှိတဲ့ မဇင်မာအောင်ကလည်း အမျိုးသမီးဆုရှင် ၁၀ ဦးကိုယ်စား အခမ်းအနားမှာ စကားပြောဆိုခွင့် ရခဲ့ပါတယ်။
"ကျွန်မတို့ဟာ နိုင်ငံပေါင်းစုံက လာကြသူတွေဖြစ်ပေမယ့် ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ လွတ်မြောက်ရေးဆိုတဲ့ တူညီတဲ့ ရည်ရွယ်ချက်တွေအတွက် ရုန်းကန် လှုပ်ရှားနေကြသူတွေပါ။ ဒါ့အပြင် အခု ချီးမြှင့်ခံရတဲ့ဆုတွေဟာ ကျွန်မတို့အတွက်တင် မဟုတ်ဘဲ မတရားမှုတွေ၊ လူ့အခွင့်အရေး ချိူးဖောက်မှုတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ချင်တဲ့ အမျိုးသမီးတွေကိုပါ ကိုယ်စားပြုပါတယ်" လို့ မဇင်မာအောင်က ပြောဆိုခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း အမျိုးသမီးတွေရဲ့ တန်းတူအခွင့်အရေး အတွက် လုပ်ဆောင်တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ရုံသာမက အဆင့်အတန်းရှိတဲ့ အပြုအမူလည်း ဖြစ်တယ်လို့ အခမ်းအနားမှာ ပြောကြားပါတယ်။
ဒီနှစ်အတွက် ဆုချီးမြှင့်ခံရသူတွေထဲမှာ မဇင်မာအောင်နဲ့အတူ အာဖဂန်နစ္စတန်၊ ဘရာဇီးလ်၊ကိုလံဘီယာ၊ လစ်ဗျား၊ မဲလ်ဒါးဗစ်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျနဲ့ တူရကီနိုင်ငံတွေက လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အမျိုးသမီးခေါင်းဆောင်တွေ ပါဝင်ကြပါတယ်။