ဇိုမီးကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဇိုမီး အမျိုးသား ကွန်ဂရက်က ဥက္ကဋ္ဌ ပူကျင်ရှင်းထန်နဲ့ နယ်က ရောက်ရှိလာတဲ့ ဇိုမီးလူငယ် ကိုယ်စားလှယ်တွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ လာရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။

ပူကျင်ရှင်းထန်နဲ့ ဇိုမီးလူငယ်တွေဟာ ချင်းပြည်နယ်အတွင်း အခြေအနေတွေနဲ့ လုပ်ဆောင်နိုင်မဲ့ နည်းလမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သိရှိလိုတဲ့ အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် NBC သတင်းဌာနနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

“ညနေပိုင်းမှာတော့ သူမ နေအိမ်မှာ NBC ရုပ်သံနဲ့ တွေ့ဆုံပြီးတော့ အင်တာဗျူး ပေးပါတယ်။ အခု ကျွန်တော် ပြောနေတဲ့အချိန်မှာ အင်တာဗျူး ပေးနေတုန်း ရှိပါတယ်။”

တချိန်တည်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ခွင့်အတွက် အယူခံကို ဒီကနေ့ နေပြည်တော် တရားရုံးချုပ်မှာ ရှေ့နေတွေက တင်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက AFP သတင်းဌာနကို ပြောကြားလိုက်ပါတယ်။