ဆဲဗင်းဂျူလိုင် အခမ်းအနားတွေ တစ်နိုင်ငံလုံးအနှံ့ ကျင်းပဖို့ပြင်ဆင်နေ

လာမယ့် ၅၁ နှစ်မြောက် ဆဲဗင်းဂျူလှိုင် အခမ်းအနားတွေကို ၂ဝဝ၇ မျိုးဆက်ကျောင်းသားတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တက္ကသိုလ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က တက္ကသိုလ်တွေထဲမှာ အဓိကကျင်းပနိုင်ဖို့ သက်ဆိုင်ရာအာဏာပိုင်တွေဆီက ခွင့်ပြုချက်ရရှိအောင် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တ.က.သ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က RFA ကို ပြောပါတယ်။

မြို့တော်တော်များများမှာ ဆဲဗင်းဂျူလိုင် အခမ်းအနားတွေကို ကျင်းပသွားမှာဖြစ်ပြီး မန္တလေးမြို့မှာတော့ ခရိုင် ၅ခု စုပေါင်းပြီး ပြပွဲပြိုင်ပွဲတွေ စကားရည်လုပွဲတွေ ကျင်းပသွားမယ်လို့ ဗ.က.သ များအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် မဖြိုးဖြိုးအောင်က ပြောပါ တယ်။

ပြီးခဲ့တဲ့နှစ်က ဆဲဗင်းဂျူလိုင် အခမ်းအနားတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ကျင်းပခွင့် မပေးခဲ့တဲ့အတွက် နေရာအခက်အခဲတွေရှိခဲ့ပြီး အခမ်းအနားမကျင်းပမီ တစ်ရက်အလိုမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းသား ၂၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်က အာဏသိမ်းခဲ့ပြီးနောက် တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေကို ဇူလိုင်လ ၇ရက်နေ့မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ တည်ရှိတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုလည်း ဗုံးခွဲဖြိုချခဲ့ပါတယ်။

အဲဒီနေ့ကို အစွဲပြုပြီး ၇ ဂျူလိုင် အခမ်းအနားတွေ ကျင်းပခဲ့တာ ဖြစ်ပါတယ်။