နိုင်ငံရေးပါတီသစ်ကို ဒီနှစ်ကုန်လောက်မှာ မှတ်ပုံတင်ဖို့ လျာထား

ဒီနှစ်ကုန်လောက်မှာ နိုင်ငံရေး ပါတီမှတ်ပုံတင်ဖို့ လျာထားကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ဦးကိုကိုကြီးက ပြောပါတယ်။

မနေ့ကစတင်ပြီး နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားအပြီး မှာ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ၈၈ မျိုးဆက် တွေစုပေါင်းပြီး ပါတီဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းလိုက်ကြောင်းနဲ့ ပါတီနာမည်ပေးဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။

"ကျနော်တို့က ဒီနှစ်အကုန်နဲ့ ရှေ့နှစ်ဆန်းပေါ့ အဲဒီကာလ အတောအတွင်းလောက်မှာ မှတ်ပုံတင်နိုင်ဖို့ အတွက် ကျနော်တို့ အချိန်ကာလအားဖြင့် လျာထားသတ်မှတ်ထားပါတယ်၊ အဲဒါပြီးတာနဲ့ ကျနော်တို့က ပါတီမှတ်ပုံတင်ဥပဒေအရ လိုအပ်တဲ့ဆောင်ရွက်ချက်တွေအားလုံးကို ဆောင်ရွက်ပြီးပြီဆိုတာနဲ့ ပါတီ မှတ်ပုံတင်ကျတဲ့အချိန်မှာ ပါတီစည်းရုံးရေး ပြည်သူလူထုကြားထဲမှာ စည်းရုံးရေးတွေကို အရှိန်မြှင့်ပြီး ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

မြန်မာနိုင်ငံ အသီးသီးက ပါတီဝင်တွေအနေနဲ့ ပါတီစည်ရုံးရေးဆင်းနိုင်ဖို့အတွက် ပါတီရဲ့ အခြေခံ မူဝါဒတွေဖြစ်တဲ့ စည်းရုံးရေး လုပ်ငန်းလမ်းညွှန်တွေကိုလည်း နှစ်ရက်တာ အစည်းအဝေး ကနေ ချမှတ်နိုင်ခဲ့ပါတယ်။

အဓိကမူဝါဒအနေနဲ့ ငြိမ်းချမ်းရေးနဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍကို ပါတီရဲ့ မူဝါဒမှာ ထည့်သွင်းထားပြီး တောင်သူ လယ်သမားတွေနဲ့ အခြေခံလူတန်းစားတွေဖြစ်တဲ့ အလုပ်သမားတွေအတွက် အဓိကထားကြောင်း ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာ ပြီးခဲ့တဲ့မတ်လကုန်ကစပြီး နိုင်ငံရေးပါတီ တစ်ရပ်ဖြစ်ပေါ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲတွေကို စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။