ကိုဖီအာနန်ကို စစ်တွေမြို့မှာ ဆန္ဒပြ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင်အဖွဲ့ဟာ ဒီနေ့ စစ်တွေမြို့ကို ရောက်ရှိလာပြီး ရခိုင်အမျိုးသားပါတီ ANP က ဦးဆောင် ပြီး လူ ၇ဝ လောက် က ကော်မရှင်ကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

ကော်မရှင်ကို အသိအမှတ်မပြုကြောင်း ရခိုင်ပြည်နယ်လွှတ်တော်က ဆုံးဖြတ်အတည်ပြုထားပြီး ဖြစ်တာကြောင့် အခုလို ကန့်ကွက်ဆန္ဒပြရတာလို့ ဦးဆောင်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အရေး ပြည်ပနိုင်ငံသား ဝင်ရောက်စွက်ဖက်ခြင်းကို အလိုမရှိ၊ ကိုဖီအာနန် ကော်မရှင်အဖွဲ့ ဖျက်သိမ်းပေးရေး၊ ရခိုင်ပြည်နယ်လွှတ်တော် ဆုံးဖြတ်ချက်ကို မချိုးဖောက်နဲ့ စတဲ့ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်။

မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ စစ်တွေမြို့ ရခိုင် ပြည်နယ်အစိုးရဧည့်ဂေဟာမှာ ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ သီးသန့်တွေ့ဆုံနွေးခဲ့သလို စစ်တွေမြို့ခံအချို့နဲ့လည်း တံခါးပိတ် တွေ့ဆုံခဲ့ပါတယ်။

မနက်ဖြန်မှာ မောင်တောမြို့နယ်အတွင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်မှာဖြစ်ပါတယ်။