မကြာခင်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ပါဝင်ခွင့် မပြုဘူးဆိုရင် အဲဒီညီလာခံကိုတက်ရောက်မှာ မဟုတ်ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်မျိုးချစ်ပါတီ APP က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်ခွင့်မရရင် ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မှာမဟုတ်တဲ့ အတွက် အခုလိုကြေညာချက်ထုတ်ပြန်လိုက်တာလို့ ရခိုင်မျိုးချစ်ပါတီ APP ဥက္ကဌ ဦးဇော်ဝင်းထွန်း က ပြောပါတယ်။
"ကျနော်တို့ မျိုးချစ်ပါတီအနေနဲ့ကျတော့ ဒီတိုင်းရင်းသား လက်နက်ကိုင် အကုန်မပါဘူး သြော် ဒီလိုဆိုရင် မဖြစ်ဘူးဆိုရင် ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ မရနိုင်ပါဘူး၊ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်တဲ့အတွက်ကြောင့် ကျနော်တို့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို သွားတဲ့နေရာမှာ ကျနော်တို့ အခက်အခဲတွေ အများကြီးရှိပါတယ်၊ အမျိုးသားပြန်လည်းသင့်မြတ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း အခက်အခဲတွေအများကြီးရှိပါတယ်"
အခုချိန်မှာ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင် စုပေါ်ထွန်းနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေကြတာကို ရခိုင်မျိုးချစ်ပါတီ အနေနဲ့ ထောက်ခံကြိုဆိုကြောင်း ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီသဘောထားကြေညာချက်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိုအခြေတည်ပြီး ထုတ်ပြန်လိုက် တာဖြစ်တယ်လို့လည်း ပါရှိပါတယ်။
ရခိုင်မျိုးချစ်ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမကျင်းပခင်ကမှ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထား တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်တချို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးမှ အနိုင်မရခဲ့ပါဘူး။