ရသေ့တောင်ကကျေးရွာမှာ သံသယရှိသူတွေကို ဖမ်းဆီး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောက်နန်းရာကျေးရွာမှာ စေတီပြင်ကျေးရွာအခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ ၆ ဦးကို ဒီနေ့မနက်က သွားရောက်ဖမ်းဆီးရာမှာ ရွာခံတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တယ်လို့ အဲဒီကျေးရွာမှာ ရောက်နေတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောပါတယ်။

အဲဒီလိုဖြစ်ခဲ့တဲ့ အခြေအနေကို ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က အခုလို ပြောပါတယ်။

"မနက်ကဖြစ်တာမှာတော့ RSO အကြမ်းဖက်နဲ့ အဆက်အသွယ်လုပ်တဲ့ တပ်ဖွဲ့ဝင်ဖြစ် တဲ့ မော်လဝီခေါင်းဆောင်ပေါ့နော်၊ ခေါင်းဆောင်ကိုဖမ်းဖို့လုပ်တာမှာ လူတွေကအဲဒီလို ရဲကို ဂျင်ကလိနဲ့ပစ်တဲ့သူတွေက ဝိုင်းအုံလာပြီးလို့ရှိရင်ပစ်တာပေါ့၊ ၆ ယောက်ဖမ်းမိတာမှာ ၂ ယောက်က လူတွေဝိုင်းဆွဲလို့ လွတ်သွားတယ်၊ ၄ ယောက်ကိုပဲ မိလာတယ်၊ အဲဒါမနက်က၊ နေ့လည်က တပ်ကအကူရောက်လာတော့ တပ်နဲ့ပြန်ပြီးတော့ ဝိုင်းပြီးရှာတဲ့အခါမှာ ၁ ယောက် မိလာတယ်၊ ကျန်တဲ့သူတွေကတော့ မမိခဲ့သေးဘူး"

အင်အား ၂၅ ဦးပါဝင်တဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အောက်နန်းရာကျေးရွာက အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်နေ တဲ့သူလို့ ယူဆရသူ ၆ ဦးကို ဖမ်းဆီးပြီး ပြန်လည်ထွက်ခွာလာရာမှာ ရာနဲ့ချီတဲ့လူအုပ်က ဖမ်းဆီးထားတဲ့လူတွေကို ရဲတပ်ဖွဲ့ထံက လုယူရာမှာ ၆ ဦးထဲက ၂ ဦး ပါသွားခဲ့ပါတယ်။

ရွာသားတွေက တုတ်၊ ဓား၊ ဂျင်ကလိတွေနဲ့ တိုက်ခိုက်တာကြောင့် ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခုခံပြီး ပြန်လည် ဆုတ်ခွာလာခဲ့ရတယ်လို့ ဒေသခံရဲအရာရှိတဦးက ပြောပါတယ်။

တပ်မတော်က အဲဒီကျေးရွာမှာ ရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်ပြီး အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ် တဲ့ နောက်ထပ်ကျေးရွာသားတစ်ဦးကို နေ့လည်ပိုင်းမှာ ထပ်မံဖမ်းဆီးလိုက်တယ်လို့လည်း သိရပါတယ်။

ဒီနေ့ မနက်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အောက်နန်းရာက ကျေးရွာသား ၄ ဦးလောက် သေနတ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင် ကပြောဆိုပါတယ်။

ဒါပေမဲ့ ဒေသခံရဲအရာရှိတွေဘက်က ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကို အတည်ပြုပြောဆိုတာ မရှိပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီကို RFA က ဆက်သွယ်မေးမြန်းပေမယ့်လည်း လက်ခံဖြေကြားတာ မရှိပါဘူး။

အောက်နန်းရာကျေးရွာဟာ မွတ်ဆလင်တွေနေထိုင်တဲ့ကျေးရွာဖြစ်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ မွတ်ဆလင်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့တာဖြစ်ပါတယ်။