ဗြိတိန်အစိုးရက မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံရဲ့ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီရေး အစီရင်ခံစာကို မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီမှတ်တမ်းဟာ ၃ လတစ်ကြိမ် ထုတ်ပြန်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ လူ့အခွင့်ရေးမှတ်တမ်းတွေကို ရေးသားထားတာဖြစ်ပါတယ်၊
မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ တိုင်းရင်းသား လက်နှက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တိုးတက်မှုရှိလာနေတာတွေအပြင် လူ့အခွင့်ရေးအခြေအနေတချို့ တိုးတက်မှုရှိလာတယ်လို့ ဖော်ပြထားပါတယ်၊ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ လူမျိူးရေး ဘာသာရေးပြသနာတွေက စိုးရိမ်စရာ အခြေအနေမှာပဲ ရှိနေဆဲဖြစ်ပြီး၊ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင် အသိုင်းအဝိုင်းနှစ်ခုကြား သီးသန့်ခွဲခြားထားတဲ့ လက္ခဏာတွေ ဆက်လက်တိုးပွားနေတာ မြင်တွေ့ရတယ်လို့လည်း ရေးသားထားပါတယ်၊
အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း တိုးတက်မှုရှိမလာတဲ့သေးတဲ့ အခြေအနေတွေအပြင် စက်တင်ဘာလအတွင်း နှစ်ဖက်အသိုင်းအဝိုင်းကြား ထပ်မံဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် ဗြိတိန်အစိုးရက အထူးစိုးရိမ်ပူပန်မိကြောင်းလည်း ပြောထားပါတယ်၊ ဒါ့အပြင် ရခိုင်ပြည်နယ်ထဲ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေဟာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အခက်အခဲရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဗြိတိန်အစိုးရအနေနဲ့ ဥရောပသမဂ္ဂ EU အစီအစဉ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ရဲလုပ်ငန်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေ ပို့ချခဲ့ကြောင်း၊ အမြဲတန်း စစ်သံမှူးတစ်ဦးထားရှိပြီး၊ ကလေးစစ်သား ပပျောက်ရေးနဲ့ ပဋိပက္ခ ဖြစ်ပွားနေတဲ့နေရာတွေမှာ အဓမ္မပြုကျင့်မှု ပပျောက်ရေးတွေအတွက် အကူအညီပေးသွားဖို့ ဖြစ်တယ်လို့လည်းဆိုပါတယ်။
မြန်မာအစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်ရပ်ရေး သဘောတူညီချက်ရဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ ကြိုးစားနေတာတွေ မြင်ရတယ်လို့လည်း ဖော်ပြထားပါတယ်။ ကချင်ပြည်နယ် တောင်ပိုင်းမှာတော့ တိုက်ပွဲတွေရပ်ဆိုင်းသွားပြီး အစိုးရက ကုလသမဂ္ဂနဲ့အတူ တခြားလူသားချင်းကူညီရေးအဖွဲ့တွေကို သွားရောက်ခွင့်ပေးထားကြောင်း၊ ဒါပေမယ့် တချို့ကျေးရွာတွေမှာ တိုက်ပွဲတွေ ရံဖန်ရံခါရှိနေတဲ့အတွက် ကူညီရေးလုပ်ငန်းတွေ ထိထိရောက်ရောက် မလုပ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဝင်ဘာလအတွင်း ဗြိတိန်နိုင်ငံခရီးစဉ်အကြောင်းလည်း အဲဒီအစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။