မြန်မာနိုင်ငံမှာ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း အတွက် လုပ်ကိုင်ခွင့်ရရှိခဲ့တဲ့ နော်ဝေးနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီအနေနဲ့ ရင်ဆိုင်ကျော်လွှားရ မယ့် ပြဿနာတွေ အများအပြားရှိနေတယ်လို့ ကုမ္ပဏီ အရာရှိတစ်ဦးက ပြောပါတယ်။
ဒီနှစ် ဇန်နဝါရီလကုန်ပိုင်းက လုပ်ကိုင်ခွင့်လိုင်စင် တရားဝင်ရရှိခဲ့တဲ့ Telenor ကုမ္ပဏီဟာ လာမယ့် ၈ လအတွင်း 2G နဲ့ 3G တယ်လီဖုန်းဝန်ဆောင်မှု စတင်နိုင်ဖို့ဆောင်ရွက်ရမှာပါ။ ဒါ့ပြင် ငါးနှစ်အတွင်း မြန်မာနိုင်ငံလူဦးရေရဲ့ ၉၀ ရာနှုန်း တယ်လီဖုန်း သုံးစွဲနိုင်ရေးအတွက် နိုင်ငံတလွှားမှာ ဆက်သွယ်ရေးအခြေစိုက် စခန်းပေါင်း ၈ ထောင် တည်ဆောက်ပြီး ဆက်သွယ်ရေးကွန်ရက် ထူထောင်တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီအတွက် Telenor က ဒေါ်လာ သန်းငါးရာ သုံးစွဲမှာဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်ဖို့အတွက် အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်း ၊တံတား၊ လျှပ်စစ်ဓါတ်အား စတာတွေ ချို့တဲ့နေတဲ့အတွက်၊ အတော်အားစိုက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ Telenor ကုမ္ပဏီ အမှုဆောင်အရာရှိ Petter Furberg က ပြောပါတယ်။
တိုင်းပြည်လူဦးရေ ၂၅ ရာနှုန်းသာ လျှပ်စစ်ဓါတ်အား ရရှိတာဖြစ်လို့ Telenor အနေနဲ့ အခြေစိုက်စခန်းတွေမှာ ဒီဇယ်ဆီသုံး မီးစက်တွေ၊ နေရောင်ခြည် စွမ်းအင်သုံး ဓါတ်အားပေးစနစ်တွေကို အရန်ထားအသုံးပြုရမှာဖြစ် ပါတယ်။ ဒါ့ပြင် အခြေစိုက်စခန်းတွေ တည်ဆောက်ရမယ့် နေရာတွေကိုရောက်ရှိဖို့ လမ်းပန်းခရီးကလည်း အချိန်မရွေးသွားလာလို့ မလွယ်ကူကြောင်း၊ အခုလို မိုးရာသီမှာ ပိုဆိုးကြောင်း၊ အပစ်အခတ်တွေ ရှိနေတဲ့ဒေသတွေကို သွားရောက်ဖို့လည်း မလွယ်သေးကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိက ပြောပါတယ်။
အလားတူ လာဘ်ပေး လာဘ်ယူကိစ္စနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ပြဿနာတွေနဲ့လည်း ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။
အဲဒီထဲမှာ အကြီးမားဆုံးအခက်အခဲက နိုင်ငံတလွှားမှာ ဆက်သွယ်ရေး အခြေစိုက်စခန်းတွေ တည်ဆောက်ခွင့်ရဖို့ စောင့်ဆိုင်းရမယ့်အချိန်ဖြစ်တယ်လို့ Telenor ကုမ္ပဏီ အမှုဆောင်အရာရှိ က ပြောပါတယ်။