အာဆီယံ လူ့အခွင့်အရေးကော်မရှင်ကို အရပ်ဖက် အဖွဲ့အစည်းတွေ ဝေဖန်

အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN က ဖွဲ့စည်းထားတဲ့ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်AICHR ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်တွေဟာ လူ့အခွင့်အရေး အကာအကွယ်ပေးရေးမှာ အားနည်းနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Forum Asia နဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ YMCA ခန်းမမှာ Forum Asia နဲ့ Equality Myanmar တို့ ပူးပေါင်းကျင်းပတဲ့ အာဆီယံအစိုးရတွေရဲ့ လူ့အခွင့်အရေး လုပ်ဆောင်မှုတွေအပေါ် သုံးသပ်ချက်အစီရင်ခံစာ ထုတ်ပြန်ရှင်းလင်းပွဲမှာ Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောကြားလိုက်တာပါ။

“လူ့အခွင့်အရေးကိစ္စ လုပ်ဆောင်တဲ့အဖွဲ့ဆိုရင် လုပ်ငန်းတာဝန် နှစ်ခုရှိပါတယ်၊ တစ်ခုက ကာကွယ်ပေးမှုနဲ့ တစ်ခုကတော့ မြှင့်တင်ခြင်းဆိုတဲ့ အပိုင်းဖြစ်ပါတယ်၊ ဒါပေမယ့် AICHR ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ လူ့အခွင့်အရေး မြှင့်တင်ရေးဆိုတာပဲပါပြီး၊ ကာကွယ်ရေးနဲ့ ပတ်သက်လို့ အားနည်းနေတယ်၊ ဒါကြောင့်မို့လို့ ချိုးဖောက်ခံရတဲ့သူက AICHR နဲ့ သွားပြီးတော့ တိုင်လို့မရဘူး၊ တိုင်လို့ရှိရင်လည်း သူတို့အနေနဲ့ အစိုးရကို ပြောလို့မရတဲ့ လုပ်ပိုင်ခွင့်အပိုင်း အားနည်းမှုပဲဖြစ်ပါတယ်”

ဒါအပြင် ဒီအစီရင်ခံစာမှာ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ တစ်နှစ်ကို ၂ ကြိမ် အစည်းအဝေးတွေ ပြုလုပ်ခဲ့ပေမယ့် လူထုကြားတွေကို သေသေချာချာ ထုတ်ပြန်ရှင်းလင်းမှုမရှိတဲ့အပြင် အဖွဲ့ဝင်နိုင်ငံတွေမှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို တရားဝင်တွေ့ဆုံဆွေးနွေးမှုတွေ မရှိဘူးလို့လည်း ပြောပါတယ်။

သူတို့ထုတ်ပြန်ထားတဲ့ အစီရင်ခံစာကို အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်အပါဝင် AICHR ရဲ့ ကော်မရှင်ဝင်တွေ၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာကော်မတီ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် စတဲ့ဌာနတွေကို တရားဝင်ပေးပို့မယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်ဟာ မြန်မာနိုင်ငံက အာဆီယံဥက္ကဌအဖြစ် တာဝန်ယူမယ့်နှစ်ဖြစ်တဲ့အပြင် အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်သုံးသပ်တဲ့နှစ်လည်း ဖြစ်တယ်လို့ သိရပါတယ်။