မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘဏ်က ကူညီဆောင်ရွက်နေတဲ့ တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး စိမံကိန်းနဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာအချက်တွေကို ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်း ၆၁ ဖွဲ့က ကမ္ဘာ့ဘဏ်ကို ကြာသပတေးနေ့ မနေ့က နေ့စွဲနဲ့ ပေးပို့တင်ပြခဲ့ကြပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အဲဒီစီမံကိန်းဟာ မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေး တိုးတက်မြင့်မားလာဖို့နဲ့ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ အားကောင်းမောင်းသန်ဖြစ်လာအောင် ကူညီထောက်ပံ့ပေးမှာဖြစ်ပေမယ့်၊ တယ်လီဖုန်းလုပ်ငန်း တိုးချဲ့ရေးအတွက် ဦးဆုံးပထမရှိထားရမယ့် စွန့်စားရဖွယ်ရှိတဲ့ အန္တရာယ်အတိုင်းအတာ တွက်ချက်မှု၊ လုံခြုံစိတ်ချရမှု၊ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ အတွက် လိုအပ်တဲ့ အခြေခံတွေဆောင်ရွက်ဖို့ ကမ္ဘာ့ဘဏ်အနေနဲ့ ပျက်ကွက်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့ပြင် ဒီ စီမံကိန်းနဲ့ ပတ်သက်ပြီး အရပ်ဘက် အသိုင်းအဝိုင်းတွေနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးတိုင်ပင်တာတွေလည်း မရှိခဲ့ပါဘူး၊ ဒါပေမဲ့ ဒီမံကိန်းအသေးစိတ်ကို မထုတ်ပြန်ခင် ဆွေးနွေးမှုတစ်ကြိမ်သာလုပ်ခဲ့ပေမယ့်၊ အရပ်ဘက်ရဲ့ ထောက်ခံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရခဲ့ပါတယ်လို့ ကမ္ဘာ့ဘဏ်က ပြောဆိုခဲ့ကြောင်းလည်း ပေးစာမှာဖေါ်ပြထားပါတယ်။
အဲဒါကြောင့် အရပ်ဘက်နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ တိုင်ပင်ဆွေးနွေးဖို့၊ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ အနှောက်အယှက်ကင်းမှုအပေါ် အစိုးရက ဝင်ရောက်ချိုဲးဖေါက်လာမယ့်အန္တရာယ်ကို တားဆီးနိုင်အောင် ဥပဒေစည်းမျဉ်းတွေ အခိုင်အမာချမှတ်ထားဖို့၊ စီမံကိန်းကြောင့် ထိခိုက်မှုခံစားရတဲ့ပြည် သူတွေအတွက် လိုအပ်တဲ့လုံခြုံမှုတွေ အကောင်းဆုံးပေးနိုင်ဖို့ စတဲ့အချက်သုံးချက်ကို တောင်းဆို ထားပါတယ်။ ဒါ့ပြင် အဲဒီအချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ ထိခိုက်ခဲ့ရတဲ့၊ ထိခိုက်လာနိုင်စရာရှိတဲ့ အန္တရာယ်တွေကိုလည်း အသေးစိတ် တင်ပြထားပါတယ်။
ကမ္ဘာ့ဘဏ် ကို တောင်းဆိုတင်ပြခဲ့ကြတဲ့ ပြည်တွင်း အရပ်ဘက် အဖွဲ့ အစည်း (၆၁) ဖွဲ့မှာ တိုင်းနဲ့ပြည်နယ် လူ့အခွင့်အရေးအဖွဲ့တွေ၊ တိုင်းရင်းသား လူမှုအဖွဲ့တွေ၊ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေ၊ ကျောင်းသားနဲ့ လူငယ်အဖွဲ့တွေ ပါဝင်ကြပါတယ်။