ကရင်ပြည်နယ် ဘားအံမြို့မှာ အကောင်ထည်ဖော်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ဒီနေ့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ် တင်ပြခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်က ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လက်ခံဖို့သဘောမျိုးပြောပေမယ့် အားလုံးကတော့ ကန့်ကွက်ခဲ့တယ်လို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့က ကိုစောသာပိုး က ပြောပါတယ်။
"အရှင်းဆုံးပြောရရင် သူက လုပ်ချင်တဲ့ဟာကို ပြောတာပေါ့။ ဖွံ့ဖြိုးအောင်လုပ်ရမယ်။ ကရင်ပြည်နယ် ဖွံ့ဖြိုးရေးနောက်ကျတယ်။ ဒါတွေလုပ်ရမယ်။ ပြီးတော့ ဒီမှာလျှပ်စစ်မီးတွေလိုတယ်။ ကရင်ပြည်နယ် အတွက် ဒီစီမံကိန်းကို လိုအပ်တဲ့အတွက် လုပ်ရခြင်းဖြစ်တယ်။ အကောင်းဆုံး၊ ထိခိုက်မှုအနည်းဆုံး ဂျပန်နည်းပညာတွေ အသုံးချပြီး လုပ်မယ်ပေါ့ ဒါတွေပြောတယ်။ ဒေသခံဘက်က သဘောထားကတော့ ရှင်းရှင်းပဲ။ ဒီဘက်က သဘောမတူဘူးပေါ့"
ဒေသခံတွေက ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာလည်း ပြည်နယ်အစိုးရကို ဒီနေ့ ပေးအပ်ခဲ့ပါတယ်။ အဲဒီစာထဲမှာ ၁၂၈၀ မဂ္ဂါဝပ်ထွက်ရှိမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ က ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ပါရှိပါတယ်။
အဲဒီစီမံကိန်းကို ထိုင်းအခြေစိုက် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ တိုယိုထိုင်းကုမ္ပဏီက ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာ အနီးမှာ အကောင်အထည်ဖော်ဖို့အတွက် လေ့လာဆန်းစစ်ချက်တွေ စတင်လုပ်ဆောင်နေတာဖြစ်ပြီး အဲဒီလိုလေ့လာဆန်းစစ်ချက်တွေ ပြုလုပ်ဖို့အတွက် ပြည်နယ်အစိုးရနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ထားတာဖြစ်ပါတယ်။
အစိုးရနဲ့ ကုမ္ပဏီတို့ သဘောတူညီချက်တွေထဲမှာ ဒေသခံတွေရဲ့ သဘောတူညီမှုရရှိအောင် ကုမ္ပဏီဘက်က ဆောင်ရွက်ဖို့ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။
အစိုးရနဲ့ စီမံကိန်းလုပ်မယ့် ဒေသက ပြည်သူတွေရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့၊ သတင်းအချက် လက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့၊ ဒီမိုကရေစီစနစ်ကို ဦးတည်နေတဲ့ အချိန်မှာ အစိုးရအနေနဲ့ တဖက်သတ် ဆုံးဖြတ်တာတွေမလုပ်ဖို့နဲ့ အများပြည်သူတွေရဲ့ဆန္ဒကို လေးစားလိုက်နာဖို့တွေလည်း ထည့်သွင်းရေးသားထားပါတယ်။
ဒီနေ့တွေ့ဆုံပွဲကို ကရင်ပြည်နယ် ဘားအံမြို့ ဝတ်ကြီးကျေးရွာမှာ ကျင်းပခဲ့တာဖြစ်ပြီး ဝတ်ကြီး၊ ဘန့်ဘွေးကုန်း၊ မိကရင်စတဲ့ ကျေးရွာအုပ်စုတွေအပါအဝင် ကျေးရွာ ၂၀ လောက်က ဒေသခံ ၅၀၀ ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
တိုယိုထိုင်းကုမ္ပဏီဟာ မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံဆောက်ဖို့ စီစဉ်ခဲ့ပေမယ့် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာကြောင့် အဲဒီစီမံကိန်းဟာ ကရင်ပြည်နယ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။
ကရင်ပြည်နယ် ဖံ့ွဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ လျှပ်စစ်မီးရရှိဖို့ ကျောက်မီးသွေး စက်ရုံ တည်ဆောက်မှာဖြစ်ပြီး ဆိုးကျိုးဖြစ်လာရင် ပြည်သူက ပေးတဲ့ ပြစ်ဒဏ်ခံယူဖို့ အသင့်ရှိကြောင်း တိုယိုထိုင်းကုမ္ပဏီက အကောင် အထည်ဖော်မယ့် စီမံကိန်းနဲ့ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့် က ပြီးခဲ့တဲ့ ဇွန်လက ဒေသခံတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ် ပြောကြားခဲ့ဖူးပါတယ်။
ဒီနေ့တေ့ွဆုံပွဲမှာလည်း ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြည်နယ် ဖွံ့ဖြိုးဖို့အတွက် ၁၂၈၀ မဂ္ဂါဝပ်ရှိတဲ့ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်ဖို့ လိုအပ်ကြောင်း ဒေသခံတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။