ဘာသာရေးကို အသုံးချသူတွေကို အရေးယူဖို့ ပျက်ကွက်နေတယ် လို့ ပြော

0:00 / 0:00

ဘာသာရေးကို အသုံးပြုပြီး နိုင်ငံရေးလုပ်နေတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေဟာ ဖွဲ့စည်းပုံကို ချိုးဖေါက်နေတာဖြစ်သလို လူမျိုးရေး ဘာသာရေးကို ရွေးကောက်ပွဲအတွက် သုံးနေတာကို အုပ်ချုပ်တဲ့ အာဏာပိုင်တွေက ထိထိရောက်ရောက် ဘာဖြစ်လို့ အရေးမယူသလဲဆိုတာဟာ မေးခွန်းထုတ်ရမယ့် ကိစ္စဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မှော်တောကျေးရွာက ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲမှာ တက်ရောက်လာတဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးက အန်အယ်လ်ဒီ အနိုင်ရရင် လူတိုင်းအခွင့်အရေး တန်းတူရမယ်လို့ မျှော်လင့်ကြောင်း ပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

"ဒါကြောင့် ပြည်သူပြည်သားများအားလုံး အေးအေးချမ်းချမ်းနေနိုင်ဖို့အတွက် အစိုးရလုပ်တဲ့လူများဟာ တရားဥပဒေနဲ့ကိုက်ညီစွာ လုပ်ဖို့လိုပါတယ်၊ အခုလူမျိုးရေး ဘာသာရေးကိစ္စတွေကို ရွေးကောက်ပွဲအတွက် သုံးနေတယ်ဆိုတာဟာ ဥပဒေကိုချိုးဖောက်ရာ ရောက်တာကြောင့်မို့လို့ အခုလက်ရှိအာဏာပိုင်တွေက ဘာဖြစ်လို့ထိထိရောက်ရောက် အရေးမယူနေလဲဆိုတာ ကျမတို့ မေးခွန်းထုတ်ရမယ့်ကိစ္စဖြစ်ပါတယ်"

ဒါ့အပြင် ဝန်ထမ်းတွေ နိုင်ငံရေးလုပ်ခွင့်ရှိကြောင်း မိမိတို့လုပ်ငန်းခွင်မှာ ပါတီတံဆိပ်ပါတဲ့ အကီၤျ တွေဝတ်တာ မျိုးတော့ လုပ်ခွင့်မရှိပေမယ့် မိမိတို့အိမ်တွေမှာတော့ လွတ်လပ်စွာ မိမိတို့ ကြိုက်နှစ်သက်တဲ့ပါတီကို ထောက်ခံ ခွင့်ရှိကြောင်းလည်း တက်ရောက်လာသူ တစ်ဦးက ဝန်ထမ်းတွေ နိုင်ငံရေးလုပ်ခွင့်ရှိပါသလားလို့ မေးမြန်း ရာမှာ ဖြေကြားခဲ့ပါတယ်။

ဒေသခံတစ်ဦးက မြန်မာနိုင်ငံရဲ့ ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံနဲ့ ပြန်လည်သုံးစွဲဖို့ ရှိ မရှိမေးမြန်း ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းဟာ မိမိ ဖခင်ဖြစ်နေတဲ့အတွက် အဲ့ဒီမေးခွန်းအပေါ် မှတ်ချက်ပြု မဖြေကြားလိုကြောင်းလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ တွံတေးမြို့နဲ့ ကော့မှူးမြို့ကိုသွားတဲ့ လမ်းဆုံ၊ မှော်တောကျေးရွာနဲ့ အဖျောက်ကျေးရွာတွေမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လှည့်လည်မဲဆွယ်စည်းရုံး ဟောပြောခဲ့ တာဖြစ်ပါတယ်။

ကန်ဘဲ့လမ်းဆုံနဲ့ မှော်တောကျေးရွာတွေမှာ ပရိသတ်နဲ့ အပြန်အလှန် အမေးအဖြေ ပြောကြားချက်တွေကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။