နိုင်ငံအကျိုးအတွက် တတ်သိပညာ ရှင်တွေ ဖိတ်ခေါ်ရတာ လို့ ဒေါ်အောင်ဆန်းစုကြည် ပြော ကြား

0:00 / 0:00

ရွေးကောက်ပွဲအတွက် တတ်သိပညာရှင်တွေ၊ ထက်မြက်တဲ့ပုဂ္ဂိုလ်တွေကို NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်တာဟာ နိုင်ငံအကျိုးအတွက်ဖြစ်တယ်လို့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။

NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီပြင်ပက လူပုဂ္ဂိုလ်တွေအပေါ် ဝေဖန်မှုတွေရှိနေတဲ့အတွက် ဧရာဝတီတိုင်း ကျိုက်လတ်မြို့ တိလောကမာရဇိန်ဘုရားဓမ္မာရုံမှာ ဒီနေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာပညာပေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်းပြောကြားခဲ့ပါ။

"အခုဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ဝင်ရောက်ပြီးတော့ ယှဉ်ပြိုင်ဖို့တကယ်တော်တဲ့ ပုဂ္ဂိုလ်ကြီးများ၊ ပညာရှင်များ ကျမတို့ ဖိတ်ခေါ်တယ်၊ တချို့က နည်းနည်းမကျေနပ်ချင်ဘူး၊ ဒီပုဂ္ဂိုလ်တွေက အစတုန်းက အဖွဲ့ချုပ်ဝင်တွေလည်းမဟုတ်ဘူး၊ အခုမှဝင်လာပြီးတော့ သူတို့ကို ကိုယ်စားလှယ်နေရာပေး မှာလား ဆိုပြီးတော့ မေးတဲ့သူတွေရှိတယ်၊ ဟုတ်တယ် ကျမတို့ပေးရမယ်၊ မိမိတို့ရဲ့ ကျွမ်းကျင်မှုအရ မိမိတို့ရဲ့ ပညာအရ နိုင်ငံကိုအကျိုးပြုတယ် နောက်ပြီးတော့လည်း ဒီမိုကရေစီကို ထိပါးအောင်မလုပ်ခဲ့ဘူးဆိုရင် ကျမတို့ ဒီလိုပုဂ္ဂိုလ်တွေကို နိုင်ငံ့အတွက်သုံးရမှာပဲ"

NLD ပါတီသာ အားလုံးအနိုင်ရခဲ့ရင် ၁၉၉ဝ ရွေးကောက်ပွဲအပြီးမှာ ကြုံတွေ့ခဲ့ရသလိုမျိုး တပ်မတော်က အာဏာ သိမ်းလိမ့်မယ်လို့ ပြောနေကြတာဟာ စစ်တပ်၊ ပြည်သူနဲ့ ဒီမိုကရေစီစနစ်ကို စော်ကားလိုက်တာ သာဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် NLD ဟာ အမျိုးသားရင်ကြားစေ့ရေးကိုပဲ ဦးထိပ်ထားကြောင်း၊ ဒီကြိုးပမ်းမှုမှာ ပြည်သူတွေကလည်း ပါဝင်ကြဖို့လိုအပ်ကြောင်း ပြောပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့် ရှိတာကြောင့် လူတစ်ဦးမှာဆန္ဒမဲ တစ်ခုသာရှိတဲ့အတွက် မဲတစ်ပြားကို အဆုံးရှုံးမခံကြဖို့နဲ့ လျှိ့ဝှက်မဲစနစ်ဖြစ် တာကြောင့် ကိုယ်ကြိုက်နှစ်သက်သူကို မကြောက်မရွံ့ မဲပေးကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ဟောပြောပွဲမှာ ဒေသခံ ၂ဝဝဝ နီးပါးတက်ရောက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ မော်ကျွန်းမြို့နယ်ကို သွားရောက်ပြီး လူထုဟောပြောပွဲကျင်းပမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တချို့ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ကောက်နှုတ်တင်ပြထား တာ နားဆင်နိုင်ပါတယ်။