လာမယ့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ ထပ်မံပြောကြားလိုက်ပါတယ်။
နေပြည်တော်မှာ ဒီကနေ့မနက်ခင်းကကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံ မြန်မာ့အနာဂတ် အရေး ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားလိုက်တာဖြစ်ပြီး ဒီလိုဖြစ်နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြော ကြားလိုက်ပါတယ်။
သူ့အနေနဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင် အရွေးကောက်ခံလိုကြောင်း၊ ဒီကိစ္စအပေါ် သူ့အနေနဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောထားပြီးဖြစ်ကြောင်း၊ ဒါပေမယ့် ဒီလိုသမ္မတဖြစ်ခွင့်ရှိဖို့ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ လိုနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့ပါတယ်။
ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဆင်ဆာဖြတ်တောက်မှုတွေ လုံးဝမရှိသင့်တော့ကြောင်း ပြောသွားခဲ့ပါတယ်။
အနာဂတ်မှာ အစိုးရပြန်ကြားရေးဝန်ကြီးဌာန လိုအပ်ပါသေးလားဆိုတဲ့ ပရိသတ်တစ်ဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က
"ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ကို ရင်ဆိုင်ရဲတာဟာ ကျွန်မတို့ဒီမိုကရေစီ လူ့အဖွဲ့အစည်းရဲ့ ရင့်ကျက်မှုဖြစ်ပါတယ်။ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဆင်ဆာဖြတ်တောက်တဲ့ ဝန်ကြီးဌာနမျိုးတော့ မရှိသင့်တော့ပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနဟာ သန်း ၆ဝ သော ပြည်သူတွေထံ သတင်းအချက်အလက် ပေးနိုင်တယ်ဆိုရင် ဝန်ကြီးဌာနရှိခြင်းဟာကိစ္စမရှိပါဘူး" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ Rainfall အဖွဲ့က နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်ဇင်မာအောင်တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်နိုင်မယ့်အလားအလာ၊ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်အခန်းကဏ္ဍ၊ ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်နိုင်ချေရှိမရှိနဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ရိုဟင်ဂျာမွတ်စလင်ပြဿနာ၊ ဆင်းရဲမွဲတေမှုနဲ့ အလုပ်အကိုင်ရှားပါးမှု စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲမှာပါဝင်တဲ့ နိုင်ငံရေးသိပ္ပံကျောင်း တာဝန်ခံ ဒေါ်ဇင်မာအောင်ကတော့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အနည်းငယ်သာ ရရှိသေးကြောင်း အဓိကထား ပြောကြားသွားပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ မြန်မာသမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးစတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်အသီးသီးက ခေါင်းဆောင်တွေ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီအစဉ်က စီစဉ်တင်ဆက်တာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် မဇင်မာဝင်းရဲ့ ကောက်နှုတ်တင်ပြချက်ကို နားဆင်နိုင်ကြပါတယ်။