ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုု ရှိရစေမယ်

ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိရစေမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကတိပေး ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်မှုဟာ နိုင်ငံတကာက ပိတ်ဆို့မှုတွေ ရုပ်သိမ်းခြင်း၊ မရုပ်သိမ်းခြင်းနဲ့ သက်ဆိုင်မှုမရှိပဲ လုပ်စရာရှိတဲ့ တာဝန်ကို ထမ်းဆောင်ခြင်းသာ ဖြစ်ကြောင်း ဦးတင်အေးက ပြောပါတယ်။

ဒါ့အပြင် မဲမသာမှှုတွေ၊ ကြိုတင်မဲတွေ လာမယ့်ရွေးကောက်ပွဲမှာ မရှိစေရဘူး။ ရွေးကောက်ပွဲ ရလဒ်တွေကိုလည်း ရွေးကောက်ပွဲအပြီး တစ်ပတ်အတွင်း ကြေညာပေးသွားမယ်လို့လည်း သူက ကတိပေးပါတယ်။

ကချင်ပြည်နယ် ဖားကန့်၊ မိုးကောင်းနဲ့ ဗန်းမော် မဲဆန္ဒနယ်မြေတွေကိုတော့ လုံခြုံရေးအရ ဆိုင်းငံ့ထားမှာဖြစ်ပြီး အခြေအနေပေးတဲ့အခါ ချက်ခြင်း ကျင်းပပေးသွားမယ်လို့ ပြောပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၁၇ ပါတီက ကိုယ်စားလှယ်လောင်း ၁၆၀ နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာနိုင်ဖို့အတွက် နိုင်ငံတကာက ရွေးကောက်ပွဲ လေ့လာသူ စုစုပေါင်း ၁၅၉ ဦးကို ဖိတ်ကြားထားပြီး ဖြစ်ကြောင်း သိရပါတယ်။

အဲဒီ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ အာအက်ဖ်အေ ဝိုင်းတော်သား ဦးခင်မောင်စိုးရဲ့မေးမြန်းချက်ကိုလည်း နားဆင်နိုင်ပါတယ်။

0:00 / 0:00