မင်္ဂလာပါပွဲတော် ဒုတိယနေ့

မြန်မာ- ပြင်သစ် ယဉ်ကျေးမှုဆက်ဆံရေး ၅၅ နှစ်မြောက် ချစ်ကြည်ရေး အထိမ်းအမှတ်အနေနဲ့ ရန်ကုန်တိုင်း အစိုးရနဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနတို့ ပူးပေါင်းကျင်းပတဲ့ မင်္ဂလာပါပွဲတော် ဒုတိယနေ့ကို ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ ကျင်းပခဲ့ပါတယ်။

အဲဒီပွဲတော်မှာ ကြိမ်နဲ့ပြုလုပ်ထားတဲ့ ရုပ်သေးရုပ် နှစ်ရုပ်နဲ့ပတ်သက်ပြီး ပြင်သစ်ယဉ်ကျေးမှုဌာန ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးအရာရှိ ANNE LISE က စကားပြန်ကတဆင့် အခုလို ပြောပါတယ်။

"ဒီအရုပ် ၂ ရုပ်ကဆိုရင် မြန်မာနဲ့ ပြင်သစ်ရဲ့ ၅၅ နှစ်မြောက် ယဉ်ကျေးမှုကို ဖလှယ်တဲ့အနေနဲ့ ဒီအရုပ်ကို လုပ်တာပေါ့နော်၊ တစ်ခုကတော့ မြန်မာကအရုပ်၊ နောက်တစ်ခုကတော့ ပြင်သစ်အရုပ်၊ မြန်မာကအရုပ် ဆိုရင် လွန်ခဲ့တဲ့ ၂ ပတ်လောက်တည်းက မြန်မာနိုင်ငံမှာရှိတဲ့သူတွေရော၊ ကလေးတွေရော စုပြီးတော့ အမျိုးသားကဇာတ်ရုံမှာ ဒီအရုပ်ကိုစလုပ်တာပေါ့နော်၊ ဒီအရုပ် ၂ ရုပ်က မြန်မာနိုင်ငံနဲ့ ပြင်သစ်နိုင်ငံရဲ့ချစ် ကြည် ရင်းနှီးမှုကိုပြတယ်၊ လူသားတွေကို စာနာပေးရမယ်ဆိုတဲ့သဘောပေါ့နော်၊ ပြင်သစ်ကအရုပ်ဆိုရင် ဒီအရုပ်နဲ့ ပတ်သက်ပြီးလုပ်လာတဲ့ ကုမ္ပဏီက ၄ နှစ်ရှိပြီပေါ့နော်၊ ဒီအရုပ်က မြန်မာနိုင်ငံကိုလာလည်တယ် ဆိုတဲ့သဘောပေါ့နော်"

အဲဒီအရုပ်တွေဟာ ယောင်္ကျားရုပ်သေးရုပ်နဲ့ မိန်းမရုပ်သေးရုပ်ဖြစ်ပြီး အမြင့်ပေ ၂၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

ပြင်သစ်က ပညာရှင်တွေ ပြုလုပ်တဲ့ ယောင်္ကျားရုပ်သေးရုပ်ကို စောဖြိုးလို့ အမည်ပေးထားပြီး ရွှေမိလို့ နာမည်ပေးထားတဲ့ မိန်းမ ရုပ်သေးရုပ်ကိုတော့ မြန်မာနိုင်ငံက ပြုလုပ်ထားတာဖြစ်ပါတယ်။

အဲဒီပွဲတော်ကို ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်း၊ ဒလဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ မဟာဗန္ဓုလပန်းခြံ ၊ မြေနီကုန်းခုံးကျော်တံတားနဲ့ ပြည်သူ့ရင်ပြင်တို့မှာ ၃ ရက်ကြာ ကျင်းပတာဖြစ်ပါတယ်။

ဒီပွဲတော်ကြောင့် လမ်းပိတ်ဆို့မှုတွေရှိနေတယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အခုလိုပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး နောက်နှစ်တွေမှာ အလားတူပွဲတော်တွေ ကျင်းပနိုင်ဖို့ အစီအစဉ်တွေ ရှိတယ်လို့ သိရပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ပြင်သစ်ယဉ်ကျေးမှုဌာနက ဆပ်ကပ်၊ ရိုးရာအကတွေ အဆိုတွေနဲ့ တင်ဆက်ဖျော်ဖြေနေတာဖြစ်ပြီး မြန်မာနိုင်ငံက အနုပညာရှင်တွေကလည်း သီချင်းနဲ့ သီဆိုတောတွေ မြန်မာ့ ယဉ်ကျေးမှုအကတွေနဲ့ ဖျော်ဖြေကြတာဖြစ်ပါတယ်။