ဧရာဝတီမြစ် ရှင်သန်ရေး ဟောပြောပွဲများ ကျင်းပ

ကချင်ပြည်နယ် လူငယ်ကွန်ရက်က ဦးဆောင်ပြီး "ဧရာဝတီမြစ်သည် မြန်မာနိုင်ငံဖွံ့ဖြိုးမှုထက် ပို၍အရေးကြီးသည်" ဆိုတဲ့ ခေါင်းစဉ်နဲ့ မြစ်ကြီးနားမြို့ YMCA ခန်းမမှာ ဒီနေ့ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါ တယ်။

ဧရာဝတီ မြစ်ဆုံစီမံကိန်းကြောင့် နောက်ဆက် တွဲဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေနဲ့ပတ်သက် ပြီး ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို တရုတ် CPI နဲ့ Asia World ကုမ္ပဏီတို့ကိုလည်း ဖိတ်ကြားခဲ့တယ်လို့ ကချင်ပြည်နယ် လူငယ်ကွန်ရက် အတွင်းရေးမှူး ကိုလွမ်းဇောင်းက RFA ကို အခုလိုပြောပါတယ်။

“ကချင်ပြည်နယ်သာမက မြန်မာနိုင်ငံမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကြီးတစ်ခုနဲ့ ပတ်သက်ပြီးမှ တာဝန်ယူလုပ်ဆောင်နေတဲ့ CPI ကုမ္ပဏီနဲ့ Asia World ကုမ္ပဏီကို တရားဝင်ဖိတ်စာနဲ့ ဖိတ်ပြီးတော့မှ သူတို့ကိုယ်တိုင် တက်ရောက်ပြီး ဒါနဲ့ပတ်သက်ပြီးတော့မှ ရှင်းလင်းမှုတစ်ခု ပေးနိုင်ဖို့ရယ်၊ ဧရာဝတီမြစ်နဲ့ ပတ်သက်ပြီးတော့မှ တက်ကြွလှုပ်ရှားတဲ့ အရပ်ဘက် အဖွဲ့အစည်းက လူတချို့ရယ်၊ လူငယ်တချို့တွေရယ် ဒါကို အမြင်အချင်းချင်း ဖလှယ်နိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီးတော့မှ လုပ်ရခြင်းဖြစ်ပါတယ်”

ဧရာဝတီမြစ်ဆုံစီမံကိန်းကို အကောင်ထည်ဖော် တည်ဆောက်နေတဲ့ CPI နဲ့ Asia World ကုမ္ပဏီတို့ကို ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ပြီး ဆွေးနွေးဖို့ဖိတ်ကြားခဲ့ပေမဲ့ ဘယ်သူုမှ လာရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။

မနေ့ကလည်း ရန်ကုန်မြို့ UMFCCI ရုံးချုပ်မှာ "ဘူမိသိပ္ပံအမြင်နဲ့ ဧရာဝတီရဲ့ ဘေးအန္တရာယ်များ " ခေါင်းစဉ်နဲ့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေ၊ ဆည်မြောင်းဌာနက အငြိမ်းစားဝန်ထမ်းဟောင်းတွေအပြင် မြန်မာနိုင်ငံ ငလျင်ကော်မတီက တာဝန်ရှိသူတွေက ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြပါတယ်။

ရေကာတာတွေ တည်ဆောက်တဲ့အတွက် ထိခိုက်နိုင်တာတွေကို ပညာရှင်တွေက ထောက်ပြပြီး ဧရာဝတီမြစ်ဆုံရေကာတာ မတည်ဆောက်ဖို့ တိုက်တွန်းကြပါတယ်။

ဒီဟောပြောပွဲမှာ ဧရာဝတီမြစ်ဆုံ-မြစ်ညာ ရေအားလျျှပ်စစ်ထုတ်လုပ်မယ့် တရုတ်အစိုးရပိုင် CPI- ကထုတ်ပြန်တဲ့ အစီရင်ခံစာပါအချက်တွေကို ထောက်ပြဆွေးနွေးကြတယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောပြပါတယ်။

တခြားပညာရှင်တွေကလည်း တရားမဝင် သစ်ခုတ်လှဲနေတာတွေ ရွှေတူးဖော်နေတာတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးရတဲ့အကြောင်း ဆွေးနွေးပါတယ်။

မိုးလေဝသပညာရှင် ဦးထွန်းလွင်ကလည်း သူဟောပြောခဲ့တာတွေကို ပြောပြပါတယ်။

“ရာသီဥတုရှုထောင့်အရ သဘာဝ ဘေးအန္တရာယ်ရှုထောင့်အရ ဒါဟာကြီး မလုပ်သင့်တဲ့အကြောင်း ကို နောက်လာမယ့် အနာဂတ်မှာ မြန်မာနိုင်ငံမှာ ဖြစ်လာမယ့်အကြောင်းတွေ နောက်ဆည်လုပ်တဲ့ နည်းပညာကလည်း ကမ္ဘာမှာ ခေတ်မစားတော့တဲ့အကြောင်းပေါ့ အဲဒါတွေပြောပါတယ်”

ဆွေးနွေးပွဲကို တရုတ်ကုမ္ပဏီကို ဖိတ်ကြားပေမဲ့ တက်ရောက်မလာကြဘူးလို့ သစ်တောထိန်းသိမ်းရေး ပညာရှင် ဦးအုန်းကပြောပါတယ်။ မွန်းလွဲပိုင်း ၁ နာရီလောက်ကစတင်ပြီး ညနေ ၆ နာရီထိကျင်းပတဲ့ ဆွေးနွေးပွဲကို လူ ၅၀၀ လောက်တက်ရောက်ပါတယ်။