ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကချင်ပြည်နယ် ဗန်းမော်၊ ဖားကန့်နဲ့ မိုးကောင်း မဲဆန္ဒနယ်မြေများမှာ လုံခြုံရေးအရ ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆိုင်းငံ့ထားတယ်လို့ ကြေညာခဲ့သလို NLD ပါတီကလည်း ကချင်ပြည်နယ် မြို့နယ်သုံးခုမှာ ရွေးကောက်ပွဲ ပျက်ပြားရတဲ့အတွက် စိတ်ပျက်မိကြောင်း၊ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် KIA-KIO နှင့် ဆွေးနွေးလိုကြောင်း မတ်လ ၂၆ ရက်နေ့က ကြေညာခဲ့ပါတယ်။
အဲဒီကြေညာချက်တွေဟာ သာမန်ပြည်သူတွေ အနေနဲ့ KIO အပေါ် အထင်မြင် လွဲမှားနိုင်တယ်လို့ KIO ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။
KIO ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ၂၀၁၀ ရွေးကောက်ပွဲ ကာလကလည်း ရွေးကောက်ပွဲ အောင်အောင် မြင်မြင် ဖြစ်မြောက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့၊ နှောက်ယှက် ဟန့်တားခြင်းမပြုဖို့၊ လုံခြုံရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ဖို့ အောက်ခြေအဆင့်ဆင့်ကို ညွန်ကြားခဲ့ကြောင်း၊ ယခုလည်း ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်ရေး ကူညီမှာဖြစ်သလို NLD ပါတီရဲ့ဆွေးနွေးညှိနှိုင်းရန် ကမ်းလှမ်းချက်ကိုလည်း ကြိုဆိုပါကြောင်း ကြေညာထားတာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး KIO ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို အာအက်ဖ်အေ ဦးတင်အောင်ခိုင်က မေးမြန်း တင်ပြထားပါတယ်။