လိပ်ကျွန်းလူသတ်မှု အယူခံဆက်တက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ညွှန်ကြား

ထိုင်းနိုင်ငံ ကော့စမွေခရိုင်တရားရုံးက အယူခံပယ်ချလိုက်တဲ့ လိပ်ကျွန်းလူသတ်မှုအတွက် အဆင့်မြင့် အယူခံတရားရုံးကို အယူခံဆက်တက်ဖို့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့က ညွှန်ကြားထားတယ်လို့ လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းစစ်ဆေးရေးကော်မတီက ရှေ့နေ ဦးအောင်မျိုးသန့် ကပြောပါတယ်။

အဲဒီညွှန်ကြားချက်ကို နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကနေတဆင့် သိရတာဖြစ်ပြီး ထိုင်းနိုင်ငံ ရေှ့နေများကောင်စီနဲ့ ပူးပေါင်းကာ အယူခံဆက်တက်သွားမယ် လို့ ဦးအောင်မျိုးသန့် က ပြောပါတယ်။

"အခု ကျနော်သိရသလောက်ကတော့ ဟိုတနေ့က သမ္မတရုံးက ဦးဇော်ဌေးက ဒီကိစ္စကို ဆက် လက်ဆောင်ရွက်ဖို့ ပြောသလိုပဲ ကျနော်တို့ သမ္မတကြီးနဲ့ နောက်တခါ နိုင်ငံတော်အကြံပေး ဘက်ကလည်း အယူခံကို ဆက်လက်ဆောင်ရွက်ဖို့ ညွှန်ကြားတယ်လို့ သိရပါတယ်ခင်ဗျ။ သံရုံးကနေ အထူးအဖွဲ့ကို ပြန်ဖွဲ့ပြီးရင် မြန်မာနိုင်ငံတော်ကနေ ညွှန်ကြားချက်တွေကို စောင့်ပြီးတော့ ထိုင်းရှေ့နေ များကောင်စီနဲ့ ပူးပေါင်းပြီးတော့ အထက်ရုံး နောက်ဆုံး High Court တရားရုံးမှာ ကျနော်တို့ ဆက်လက်အယူခံတက်သွားမှာပါ ခင်ဗျ။"

အဲဒီလို အယူခံ ဆက်တက်ရာမှာ ပြစ်ဒဏ်ချခံထားရတဲ့ မြန်မာအလုပ်သမား ၂ ယောက်ဟာ လူသတ်တရားခံတွေ မဟုတ်ကြောင်းကို သက်သေပြတဲ့ အကြောင်းပြချက် ၂၄ ချက် ကို တင်ပြသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် အပြောင်းအလဲရှိတာကြောင့် လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းစစ်ဆေးရေးကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းပြီးမှ အယူခံဝင်ဖို့ ဆက်လက်ဆောင်ရွက် မှာဖြစ်ပါတယ်။

ဗြိတန်နိုင်ငံသား ၂ ယောက် အသတ်ခံလိုက်ရတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်နေ့က ထိုင်းတရားရုံးက လူသတ်မှု၊ မုဒိန်းမှုတွေနဲ့ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။