နယ်ခြားစောင့်ရဲကင်းစခန်းတွေ တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အကြမ်းဖက်သမား ၂၉ ဦးကို ဖမ်းမိထား

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်က နယ်ခြားစောင့် ရဲကင်းစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အကြမ်းဖက်သမား ၂၉ ဦးကို ဖမ်းဆီးရ မိထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဦးဇော်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မောင်တောမြို့နယ်ကို သွားရောက်လေ့လာခဲ့တဲ့ အခြေအနေတွေကို ပြည်ထောင်စုဝန်ကြီးတွေက ဒီနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ရှင်းလင်းပွဲ ကျင်းပရာမှာ ရဲချုပ်ဦးဇော်ဝင်းက ဖမ်းမိထားတဲ့ အကြမ်းဖက်သမားတွေကို စစ်တွေနဲ့ မောင်တောအချုပ်စခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ ပြောခဲ့တာဖြစ် ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အကြမ်းဖက်တိုက်ခိုက်မှုနဲ့ နယ်မြေရှင်းလင်းရေးဆောင် ရွက်ရာမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် တပ်မတော်က ၅ ဦး နဲ့ ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့တယ် လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်တိုက်ခိုက်သူတွေထဲက အယောက် ၃၀ ကို အသေဖမ်းဆီးရမိတယ်လို့လည်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောပါတယ်။

အဲဒီအကြမ်းဖက်မှုနဲ့ ပတ်သက်သူတွေကို တရားဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူမှာဖြစ်ပြီး ပြည်တွင်း ဥပဒေတွေ၊ နိုင်ငံတကာဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။

အခုချိန်မှာ မောင်တောမြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ရောက်ရှိနေပြီး မောင်တောဒေသ နယ်ခြားစောင့် တပ်ဖွဲ့ ရဲမှူးချူပ် မောင်မောင်ခင်ကို တာဝန်ကနေ ဖယ်ရှားလိုက်ပြီး အဲဒီနေရာမှာ ရဲမှူးချူပ် သူရစန်းလွင်ကို အစားထိုးခန့်အပ်လိုက်တယ်လို့လည်း ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲကို ပြည်ထဲရေး၊ နယ်စပ်ရေး၊ နိုင်ငံခြားရေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာန တာဝန်ရှိသူတွေ တက်ရောက်ရှင်းလင်းခဲ့တာဖြစ် ပါတယ်။