မောင်တောဒေသမှာ နိုင်ငံသားစိစစ်ခံရမယ့်သူတွေ ကိုင်ဆောင်မယ့် သက်သေခံကတ်ပြား NVC ကတ်တွေ မထုတ်ယူဖို့ အကြမ်းဖက်သမားတွေက မွတ်စလင်တွေကို ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေတယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို တင်ပြထားပြီး ခြိမ်းခြောက်ပြောဆိုသူတွေကို ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။
"ကျနော်တို့က ၂၄ နာရီအတွင်း စဉ်ဆက်မပြတ်တင်ပြနေရတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ မြန်မာပြည်မှာ ဘာဖြစ်တယ်ဆိုတာကို နိုင်ငံတော်အစိုးရက အကုန်သိပါတယ်။ ဒေသခံမွတ်စလင်အသိုင်းအဝိုင်းတွေကို ခြိမ်းခြောက်တာဗျ။ NVC ကတ်ကိုင်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ကို မောင်းထုတ်မှာဖြစ်တယ်။ ဘာညာဆိုပြီး လိမ်ညာပြီး ဝါဒဖြန့်နေတယ်။ ခြိမ်းခြောက်တဲ့ဟာတွေကို ရှာဖွေတာ၊ ဖော်ထုတ်တာ၊ ဖမ်းဆီးတာ၊ အရေးယူတာ ဒါတွေလုပ်နေပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် လိုက်လံဖမ်းဆီးနေရတဲ့ အနေအထားတွေလည်းရှိပါတယ်"
သြဂုတ်လ ၂၅ ရက်နေ့က မောင်တောဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း အောက်တိုဘာ လ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ မောင်တောဒေသအတွင်း နေထိုင်သူတွေကို လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားစိစစ်ခံရမယ့်သူရဲ့ သက်သေခံကတ်ပြား NVC ထုတ်ပေးရေးကို ကွင်းဆင်းဆောင်ရွက်ခဲ့ရမှာ လူဦးရေ ၁၀၀ ခန့် ကတ်စိစစ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလူဦးရေ ၁၀၀ ခန့်အပါအဝင် လက်ရှိမှာ မောင်တောဒေသအတွင်း နိုင်ငံသားစိစစ်ခံရမယ့်သူတွေ ကိုင်ဆောင်တဲ့သက်သေခံကတ်ပြား NVC ကဒ် ၆၈၀၀ ကျော် ထုတ်ပေးထားတယ်လို့လည်း သိရပါတယ်။
အဲဒီသက်သေခံကတ်ပြား ရရှိထားသူတွေအနေနဲ့ အထောက်အထားခိုင်လုံမယ်ဆိုရင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စစ်ဆေးခံပြီး နိုင်ငံသားအဖြစ်လျှောက်ထားနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။