မောင်တောမြို့နယ်က ဆရာဆရာမတွေကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ စာသင်ကျောင်းတွေ ပိတ်ထားရပြီး နေရပ်မပြန်နိုင်ကြသေးတဲ့ ဆရာ/ဆရာမ ၁၇ဝ ကျော်ကို ဒီနေ့ တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ စတင်ခေါ်ဆောင်ပေးနေပါတယ်။

ဆရာ/ဆရာမတွေကို တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ စစ်တွေနဲ့ ဘူးသီးတောင်မြို့ကို ခေါ်ဆောင်တာဖြစ်ပြီး အဲဒီကတစ်ဆင့် သူတို့နေရပ်တွေကို ပြန်ကြမှာဖြစ်တယ်လို့ မောင်တောမြို့နယ်ပညာရေးမှူး ဦးခင်အောင် က ပြောပါတယ်။

''ခုချိန်ကစပြီးတော့ ကျနော်တို့ တောင်ပြိုစုရပ်ကနေပြီးတော့ ဘူးသီးတောင်တို့ စစ်တွေတို့ကို ရဟတ်ယာဉ်တွေနဲ့ တင်နေပါပြီ၊ ဒီနေ့ခုချိန်လောက်ထိ နှစ်စီးလောက်ရှိတယ်လို့ ပြောပါတယ်၊ ကျနော်တို့ နိုင်ငံတော်ရဲ့ အစီအစဉ်ပေါ့''

အဲဒီဆရာ/ဆရာမတွေဟာ မောင်တောမြို့နယ် ခမောက်ဆိပ်၊ ငါးခူရ၊ ကက်သပေါင်း၊ တောင်ပြို စတဲ့ ကျေးရွာတွေ မှာ စုရပ်အဖြစ်နေကြရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၉ ရက်နေ့က မောင်တောနဲ့ ရသေ့တောင်မြို့နယ်က ရဲကင်းစခန်း ၃ ခု တိုက်ခိုက်ခံခဲ့ရလို့ နယ်မြေမတည်ငြိမ်တဲ့အတွက် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေက စာသင်ကျောင်းပေါင်း ၄ဝဝ ကျော်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ရတာဖြစ်ပါတယ်။

မောင်တောမြို့နယ်ထဲမှာ အခြေခံပညာကျောင်းပေါင်း ၁၈၃ ကျောင်းရှိပြီး ဆရာ/ဆရာမပေါင်း ၁၄ဝဝ ကျော် နဲ့ ကျောင်းသားပေါင်း ၉ သောင်းကျော်ရှိပါတယ်။