မိုင်းဟောင်းကို ကစားရာကနေ ကိုရင် ၁၀ ပါး ဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် မုံးယင်ကျေးရွာ ဇေယျာသုခကျောင်းက ကိုရင်လေးတွေဟာ ဒီကနေ့မနက် ၁၀ နာရီအချိန်က မိုင်းဟောင်းတစ်လုံးကို ကစားမိတာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ကိုရင် ၁၀ ပါး ဒဏ်ရာရရှိခဲ့ပါတယ်။

မုံးယင်ကျေးရွာ ဇေယျာသုခကျောင်း နဲ့ ပေ၅၀၀ လောက်အကွာမှာ အရင်ကတပ်မတော် စစ်စခန်းရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ တပ်စခန်းက အဲဒီမြေကို ဘုန်းကြီးကျောင်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရှမ်းလူငယ် အဖွဲ့ TYO ရှမ်းပြည်နယ်မြောက်ပိုင်း ဥက္ကဌ ကိုစိုင်းဟန် ကပြောပါတယ်။

ဘုန်းကြီးကျောင်းက မြေညှိတဲ့လုပ်ငန်းကို ပြီးခဲ့တဲ့ ၂၈ရက်က လုပ်ကိုင်ခဲ့ပြီး ကိုရင်တွေက မနေ့က အဲဒီနေရာမှာ သွားရောက်ကစားရင်း မပေါက်ကွဲသေးတဲ့ မိုင်းနှစ်လုံးကို တွေ့ရှိယူဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့မနက် ၁၀ နာရီမှာတော့ ကျောင်းပေါ်ကနေ ကိုရင်တစ်ပါးက အောက်မှာ ကစားနေတဲ့ ကိုရင်အုပ်ထဲကို မိုင်းတစ်လုံးပစ်ချလိုက်ရာမှာ ကိုရင် ၁၀ ပါး ထိခိုက်မိတာလို့ ကိုစိုင်းဟန် ကပြောပါတယ်။

ဒဏ်ရာရခဲ့တဲ့ ကိုရင်တွေကို လားရှိုးဆေးရုံမှာ ကုသပေးနေပြီး တစ်ပါးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် မန္တလေးဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။

လားရှိုးဆေးရုံမှာ ဆေးကုသနေတဲ့ ကိုရင်တွေထဲမှာ လေးပါးက ဒဏ်ရာအနည်းငယ်ပြင်းထန်တာကို တွေ့ရပါတယ်။