အင်းတော်ကြီးအနီး ရွှေမတူးဖို့ တားမြစ်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတစ်ဝိုက်မှာ ရွှေတူးဖော်တာတွေမလုပ်ဖို့ မိုင်းနောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက တားမြစ်စာ ထုတ်ပြန်လိုက်ပါတယ်။

ရွှေတူးဖော်မှုတွေကြောင့် အင်းတော်ကြီးကန်ကို ထိခိုက်ပျက်စီးစေသလို လယ်ယာမြေ ပျက်စီးတာတွေ ရှိနေတဲ့အတွက် တားမြစ်စာထုတ်ပြန်တာဖြစ်တယ်လို့ မိုင်းနောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်း က ပြောပါတယ်။

"ဒီအိုင်ကြီးကို မပျက်စီးဖို့အတွက်ပါ၊ မျောချတဲ့မြေစာတွေဟာဆိုရင် အင်းတော်ကြီး အင်းထဲဝင်ရင် အင်းကြီးကောတာကတစ်ကြောင်း၊ တောင်သူလယ်သမားတွေကလည်း သူတို့လယ်ယာတွေ ပျက်စီးပါတယ်လို့ ပြောတဲ့အတွက် နောက်အထက်က ညွှန်ကြားတဲ့အတွက် ဒါကိုထုတ်ပြန်ရတာပါ"

မနေ့က မိုင်းနောင်ရွာအနီးမှာ ရွှေတူးဖော်တဲ့အခါ အသုံးပြုတဲ့ အင်ဂျင်စက်တချို့နဲ့ ဘက်ဟိုးတစ်စီးကို သစ်တောဋ္ဌာနနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဖမ်းဆီးရမိပြီး အဲ့ဒါတွေဟာ ရွှေလုပ်ငန်းတွေနဲ့ ဆက်စပ်မှုရှိမရှိကို စစ်ဆေးနေပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လုပ်ငန်းရှင်တွေဟာ အင်းတော်ကြီးဒေသ မိုင်းနောင်၊ နန့်ပတဲ၊ နန့်မီးလောင်၊ ညောင်ပင်စတဲ့ ကျေးရွာတွေအနီးတဝိုက်က ချောင်းလက်တက်တွေနဲ့ တောတောင်တွေထဲ မှာ ရွှေတူးဖော်လုပ်ကိုင်နေကြတာပါ။

အဲ့ဒီလိုတူးဖော်နေတာကြောင့် အင်းတော်ကြီးအိုင်ဟာ တဖြည်းဖြည်းတိမ်ကောလာနေပြီး လယ်မြေတွေလည်း ပျက်စီးနေတယ်လို့ ဒေသခံတောင်သူတွေက ပြောကြပါတယ်။

အလျား ၁၆ မိုင်ရှည်ပြီး အနံ ၈ မိုင်ကျယ်တဲ့ အင်းတော်ကြီးအိုင်ဟာ အရှေ့တောင်အာရှမှာ အကြီးဆုံးအိုင် တစ်ခုဖြစ်ပြီး အင်းတော်ကြီးကန် ပတ်လည်မှာ ရွာပေါင်း သုံးဆယ်ကျော်ရှိပါတယ်။