မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် အမ်ပန်မြို့က အိမ်တအိမ်မှာ သွေးသံရဲရဲသေဆုံးနေတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတယောက်၊ ကလေးနှစ်ယောက်နဲ့ သတိလစ်နေတဲ့အမျိုးသားတယောက်ကို တနင်္ဂနွေနေ့ညမှာ ရဲကတွေ့ရှိပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
အမျိုးသားရော အမျိုးသမီးပါ အသက် ၄၇ နှစ်အရွယ်တွေဖြစ်ပြီး၊ ၂ နှစ်အရွယ်ယောက်ျားလေး တယောက်နဲ့ ၁၀ နှစ်အရွယ်မိန်းကလေးတယောက်ဖြစ်ပါတယ်။ သူတို့အားလုံးကို အိပ်ခန်းတခန်း ထဲမှာ အတူတွေ့ရတာဖြစ်ပြီး၊ အသက်ရှင်နေသေးတဲ့ အမျိုးသားကိုတော့ ဆေးကုနေတယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ကို လူသတ်မှုလို့ရဲတပ်ဖွဲ့က သတ်မှတ်ထားပြီး၊ ဘာကြောင့် ဘယ်လိုဖြစ်တယ်ဆိုတာကို စုံစမ်းနေဆဲပဲလို့ သိရပါတယ်။
များမကြာသေးခင်ကလည်း မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦး ညဘက်အလုပ်က အပြန်လမ်းမှာ သတ်ဖြတ်ခံခဲ့ရပြီး၊ အဲဒီအမှုအတွက် စုံစမ်းဖော်ထုတ်သွားမယ်လို့ မလေးရှားရဲတွေက ပြောထားပါတယ်။