ထိုင်းနိုင်ငံကနေ မြန်မာပြည်ကို ပြန်လာကြတဲ့ အလုပ်သမားတွေဆီကနေ ငွေတောင်းတာ၊ မသမာမှုလုပ်တာတွေ ကို ဖော်ထုတ်အရေးယူသွားမယ်လို့ ထိုင်းနိုင်ငံ တပ်ချ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒီနေ့ မြဝတီမြို့ နှစ်နိုင်ငံ တွေ့ဆုံစဉ် မှာ ပြောကြားလိုက်ပါတယ်။
ဒီနေ့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ ထိုင်းနိုင်ငံဘက်က တပ်ချ်ခရိုင် အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အစိုးရအဖွဲ့တွေ နဲ့ မြန်မာနိုင်ငံဘက်က မြဝတီခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် အစိုးရအဖွဲ့တွေ နေရပ်ပြန်အလုပ်သမား အရေးဆွေးနွေးစဉ်မှာ ပြောကြားခဲ့တာဖြစ်တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်က ပြောပါတယ်။
တပ်ချ်ခရိုင်အုပ်ချုပ်ရေးမှူးဟာ နေရပ်ပြန်အလုပ်သမားတွေ ပြန်ပို့ပေးရာမှာ အဆင်ပြေမှုရှိ မရှိကို ဒီနေ့ကျောက်လုံးကြီး နေရပ်ပြန် ကြိုဆိုရေးစခန်းကို လာရောက်ကြည်ရှုခဲ့ပြီး စားသောက်စရာတွေ လှူဒါန်းခဲ့ပါတယ်။
ထိုင်းနိုင်ငံဘက်ကနေ အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်မှုနဲ့ ဒီနေ့ ပြန်လာသူ ၃ထောင်နီးပါးရှိပါတယ်။ ဒီနေ့ ပြန်လည်ရောက်ရှိလာသူတွေကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တိုင်းမှူး လာရောက်ကြိုဆိုပြီး တပ်မတော်ကားတွေနဲ့ နေရပ်ကို ပြန်လည်ပို့ဆောင်ပေးနေပါတယ်။
မနေ့ကအထိ မြဝတီနယ်စပ်ကနေ နေရပ်ပြန်အလုပ်သမား ၂သောင်းကျော် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။