ဒရုန်းနဲ့ မှတ်တမ်းတင်ဖို့ ကြိုးပမ်းလို့ အဖမ်းခံထားရသူ မိသားစုနဲ့ တွေ့ခွင့်မရ


2017.11.02
drone-622 နေပြည်တော် လွှတ်တော်ဝန်းထဲကနေ ပြည်သူ့လွှတ်တော်ကို ဓါတ်ပုံရိုက်ယူဖို့ လွှတ်တင်ခဲ့တဲ့ မောင်းသူမဲ့ လေယာဉ် Drone ကို တွေ့ရစဉ်
Photo: The Global New Light Of Myanmar

လွှတ်တော်အဆောက်အဦးကို မောင်းသူမဲ့ လေယာဉ် Drone နဲ့ မှတ်တမ်းရိုက်ကူးဖို့ ကြိုးပမ်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရရာမှာပါဝင်တဲ့ မြန်မာနိုင်ငံသား စကားပြန် ဦးအောင်နိုင်စိုး ကို လက်ရှိအချိန်အထိ မိသားစုနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ ဦးအောင်နိုင်စိုးအတွက် လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ဦးရဲထူး က ပြောပါတယ်။

အရင်က သုံးလေးရက်နေရင် မိသားစုနဲ့ တွေ့ရမယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပေမယ့် ဖမ်းဆီးခံထားရတာ ၆ ရက်ကြာပြီဖြစ်တဲ့ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူတွေ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ ဦးရဲထူး က ပြောပါတယ်။

"သုံးလေးရက်နေရင် တွေ့ရမယ်ဆိုတာတော့ ပြီးခဲ့တဲ့ စနေနေ့က ပြောတာ။ ဒါပေမဲ့ အခုအချိန်အထိ ကျနော့်ကို တွေ့ခွင့်ရပြီ။ တွေ့နိုင်တယ်ဆိုတာလည်း အကြောင်းပြန်ခြင်း မရှိသေးဘူး။ ဒီနေ့ဆိုရင် ၆ ရက်မြောက်နေ့ ရှိသွားပြီ။ ၆ ရက်မြောက်နေ့အထိ ကျနော့်ကို ဘာမှ ဆက်သွယ်လာတာ မရှိသေးဘူး။ အထူးသဖြင့် ကျနော့်ကို ထားတော့။ သူ့မိဘတွေကို ဘာမှဆက်သွယ်လာတာ မရှိသေးဘူး"

ဖမ်းဆီးခံထားရသူအနေနဲ့ ရှေ့နေပါဝါတင်ဖို့အတွက် ရှေ့နေနဲ့တောင် တွေ့ခွင့်မရသေးကြောင်းနဲ့ လက်ရှိအချိန်မှာ စစ်ကြောရေးမှာ အစစ်ခံနေရတယ်လို့ သိထားရကြောင်း ပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က တူရကီအခြေစိုက် TRT သတင်းဌာနရဲ့ စင်ကာပူရုံးခွဲက မလေးရှားနိုင်ငံသူ တစ်ဦး၊ စင်ကာပူနိုင်ငံသား တစ်ဦး၊ မြန်မာနိုင်ငံသားစကားပြန် ဦးအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတစ်ဦး စုစုပေါင်း လေးဦးကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနီး ဒရုန်းတစ်စင်း လွှတ်တင်နေစဉ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။

အဲဒီနေ့ညမှာပဲ ဦးအောင်နိုင်စိုးရဲ့ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့ပါတယ်။

သူတို့ ၄ ဦးကို လက်ရှိအချိန်မှာ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။