ရွေးကောက်ပွဲ ကော်မရှင်မှာ တိုင်းရင်းသားများ ပါဝင်စေလို

တိုင်းရင်းသားပါတီ ၁၆ ပါတီ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ ထည့်သွင်းဖွဲ့စည်းဖို့၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်သက်တမ်းအလိုက် တဖြည်းဖြည်းလျှော့ချဖို့ တောင်းဆိုလိုက်ပါတယ်။

နေပြည်တော် ရတနာသင်္ဂဟ ဟိုတယ်မှာ မနေ့က စတင်ကျင်းပတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း အစည်းအဝေးကနေ အချက် ၇ချက်ပါ ကြေညာချက်ကို ထုတ်ပြန်တောင်းဆိုလိုက် တာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးစားနေချိန်မှာ တိုင်းရင်းသားပါတီတွေရဲ့ သဘောထားကို သက်ဆိုင်ရာ အစိုးရခေါင်းဆောင်တွေ သိနိုင်အောင် ကြေညာချက်ထုတ်ပြန်တာလို့ NBF အဖွဲ့ဝင် ပါတီတစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“ဝန်ကြီးချုပ်ကို ဒေသခံလွှတ်တော်က ရွေးရမှာပေါ့နော်၊ နောက် ၂၅ ရာခိုင်နှုန်းကို လွှတ်တော် သက်တမ်းအလိုက် လျော့ချထားရန်၊ ဒီနှစ်ဘယ်လောက် ရာခိုင်နှုန်းလျော့မယ်၊ နောက်နှစ်ဘယ်လောက် ရာခိုင်နှုန်းလျော့မယ်ပေ့ါ ဒီအချက်တွေကတော့ အခုခေတ်အခြေအနေ အချိန်အခါနဲ့ လိုက်လျောအောင် ထည့်သွင်းဖော်ပြသင့်တယ်၊ သက်ဆိုင်ရာအစိုးရ၊ သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေကို အဲဒါတိုက်တွန်းသင့်တယ်၊ လုပ် မလုပ်တော့ သူတို့အပိုင်းပေါ့နော်၊ NDF ရဲ့ သဘောထားကိုတော့ သက်ဆိုင်ရာခေါင်းဆောင်တွေ သိအောင်ပေ့ါ၊ ဖွဲ့စည်းပုံလည်း ပြင်ဆင်နေတဲ့ အချိန်အခါဆိုတော့ ဖွဲ့စည်းပုံမှာ ထည့်သွင်းလာအောင် တပ်လှန့်နှိုးဆောင်တဲ့သဘောပေါ့”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ တိုင်းရင်းသား အသိပညာရှင်ခေါင်းဆောင်တွေ ထည့်သွင်းဖွဲ့စည်းဖို့နဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှာလည်း အများကြည်ညိုလေးစားတဲ့ ဒေသခံတိုင်းရင်းသားခေါင်းဆောင်တွေ ထည့်သွင်းဖို့ကိုလည်း NBF ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြည်သူတွေက ရွေးချယ်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက ရွေးချယ်တင်မြှောက်ဖို့၊ တိုင်းရင်းသား ဘာသာစကားစာပေကို သင်ရိုးညွှန်းတမ်းတစ်ခုအဖြစ် ထည့်သွင်းရေးဆွဲပြီး ကျောင်းချိန်မှာ သင်ကြားခွင့်ပေးဖို့စတဲ့ အချက် ၇ချက်ကို တောင်းဆိုထားပါတယ်။

NBF ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ တိုင်းလိုင် ခေါ် ရှမ်းနီအမျိုးသား ဖံ့ွဖြိုးတိုးတက်ရေးပါတီ၊ 'ဝ' ဒီမိုကရက်တစ်ပါတီ စတဲ့ တိုင်းရင်းသားပါတီ ၁၆ ပါတီနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။