ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၇ ဦးကို လွှတ်တော် တက်ရောက်ဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရုံး အရာရှိက ဒီကနေ့ မနက်က အကြောင်းကြားခဲ့တယ်လို့ ပါတီ အထွေအထွေအတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၄၃ နေရာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ စစ်တပ်နဲ့ ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် အများစု လွှမ်းမိုးနေတဲ့ လွှတ်တော်အတွင်းမှာ အဓိက အတိုက်အခံ ပါတီကြီးတစ်ခု ဖြစ်လာမှာပါ။
NLD ပါတီက အနိုင်ရ ကိုယ်စားလှယ်တွေကို ဧပြီလ ၁၉ နဲ့ ၂၀ ရက်နေ့တွေမှာ ပါတီဌာနချုပ်ကို ဆင့်ခေါ်ထားပြီး လွှတ်တော်အတွင်း ပြင်ဆင်ဖွယ်ရာတွေနဲ့ ကိုယ်စားလှယ်တွေအတွက် ရုံးအဖွဲ့ ဖွဲ့စည်းရေးတွေ ဆွေးနွေးမယ်လို့ သိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က NLD ပါတီ အထွေအထွေ အတွင်းရေးမှူး ဦးဉာဏ်ဝင်းကို မေးမြန်းထားတာ နားဆင် နိုင်ပါတယ်။