ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြိုအနေနဲ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ဒီနေ့ စတင် ကျင်းပတဲ့ လူထုဟောပြောပွဲကို တပ်မတော်က တားမြစ်ခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ခွင့်မပြုတာကြောင့် လွယ်လင်တပ်နယ်မှူးက အင်အား ၄၀ ကျော်နဲ့ လာရောက် တားမြစ်တာဖြစ်တယ်လို့ ပင်လုံလူထုတွေ့ဆုံပွဲရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါ်နန်းမြမိုး က ပြောပါတယ်။
"လေးဆယ်နဲ့ငါးဆယ်ကြားပေါ့။ သူတို့လက်နက်ပါတယ်။ စစ်သားတွေကော ပတ်ပတ်လည် လာဝိုင်းလိုက်တဲ့ သဘောဖြစ်သွားတာပေါ့။ အထက်က မလုပ်ဖို့ ဟန့်တားဖို့ပဲလာတာပေါ့။ မလုပ်ဖို့ပဲဖြစ်တယ်ဆိုပြီးတော့မှ အဲ့ကျတော့ အထက်ကိုပြန်ဆက်ပေးပါဆိုပြီး အထက်ကိုဆက်လည်း ဆက်လို့ မရဘူး။ ဆက်လို့မရတာနဲ့ မလုပ်ဖြစ်တဲ့ သဘောသက်ရောက်သွားတာပေါ့"
ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းအတွင်းက မြို့နယ် တချို့မှာ လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ဖို့ရှိနေပေမယ့် အခုလိုလုပ်နေမယ်ဆိုရင် ရှေ့ဆက်ဖို့ အခက်အခဲဖြစ်သွားမယ်လို့ ရှမ်းပြည်ညီညွတ်ရေးကော်မတီအဖွဲ့ဝင် SNDP ပါတီရဲ့ တွဲဖက် အတွင်းရေးမှူး ဦးစိုင်းအောင်မြင့်ခိုင် က ပြောပါတယ်။
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့အတွက် ရှမ်းလက်နက်ကိုင်နဲ့ ရှမ်းနိုင်ငံရေး ပါတီတွေ စုပေါင်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့ အထိ တောင်ကြီးမြို့မှာ အကြိုဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ အချက်အလက်တွေကို ရှမ်းပြည်သူလူထုသိရှိဖို့နဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့သဘောထားတွေပါဝင်တဲ့ အစီရင်ခံစာ တစ်ခုရရှိဖို့အတွက် လူထုတွေ့ဆုံပွဲတွေကို ဒီလမကုန်ခင်အထိ ပြုလုပ်သွားဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
ရှမ်းလူထုရဲ့သဘောထားတွေ ကောက်ယူပြီးနောက်မှာ အကြိုဆွေးနွေးပွဲတစ်ခု တောင်ကြီးမြို့မှာ ထပ်မံကျင်းပဖို့လျာထားပြီး လာမယ့်ဇန်နဝါရီလ ဒုတိယအပတ်အတွင်း လင်းခေးမြို့မှာ ရှမ်းအမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းလက်နက်ကိုင်နဲ့ ရှမ်းနိုင်ငံရေးပါတီတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီက ဦးဆောင်ကျင်းပသွားမှာ ဖြစ်ပါတယ်။
လင်းခေးမြို့မှာ ကျင်းပမယ့် ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကနေ အပြီးသတ်ရရှိမယ့် အစီရင်ခံစာကို လာမယ့် တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ တင်သွင်းမှာ ဖြစ်ပါတယ်။