တွေ့ဆုံပွဲ ထုတ်ပြန်ချက် နိုင်ငံရေး ပါတီအများစု လက်မခံ

0:00 / 0:00

0:00 / 0:00

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ နိုင်ငံရေးပါတီ ၆၆ ပါတီက ကိုယ်စားလှယ်တွေ မနေ့က တွေ့ဆုံဆွေးနွေးအပြီးမှာ ထုတ်ပြန်တဲ့ ကြေညာချက်ဟာ နိုင်ငံရေးပါတီအားလုံးရဲ့ သဘောတူညီချက်မယူဘဲ ထုတ်ပြန်ခဲ့တဲ့အတွက် မနေ့က ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီ အများစုက လက်မခံဘူးလို့ သိရပါတယ်။

မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်အပေါ် သဘော မတူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင် က အခုလို ပြောပါတယ်။

"အပစ်အခတ်ရပ်စဲရေး တိုက်တွန်းတာဖြစ်တဲ့အတွက် ကန့်ကွက်ဖို့ကလည်း အတော်ခက်သွားတာပေါ့၊ အပစ် အခတ်ရပ်စဲရေးကို အမြန်ဆုံး လက်မှတ်ထိုးပါဆို ပြီးတော့ အတင်းတိုက်တွန်းတဲ့ဟာမျိုးပေါ့၊ သိပ်မကောင်းဘူးပေါ့၊ တစ်ဖက်လူကို ဖိအားပေးတာ ကျပါတယ်၊ အစည်းအဝေးပြီးနောက်ပိုင်းမှာ သူတို့ဟာသူတို့ ပါတီနာမည်တွေကိုတပ်ပြီး ကြေညာချက်ထုတ်တာ"

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောထားဆိုပြီး ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အမြန်ဆုံးလက်မှတ်ရေးထိုးကြဖို့ သက်ဆိုင်သူတွေကို တိုက်တွန်းကြောင်း၊ အဲ့ဒီကတဆင့် နိုင်ငံရေးဆွေးနွေးမှု မူဝါဒတွေ ရေးဆွဲဖို့နဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေကို အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ သဘောတူညီချက်အတိုင်း မပျက်မကွက်ပြုလုပ်ဖို့ တိုက်တွန်းကြောင်း ပါဝင်ပါတယ်။

အဲဒီကြေငြာချက်ထုတ်တဲ့အခါ နိုင်ငံရေးပါတီအားလုံးဆီက ဆန္ဒသဘောထားမယူဘဲ နိုင်ငံရေးပါတီတွေရဲ့ သဘောထားထုတ်ပြန်ချက်ဆိုပြီး ထုတ်ပြန်ခဲ့တာကြောင့် သဘောမတူကြတာဖြစ်တယ်လို့ သိရပါတယ်။

မနေ့ကဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၆၆ ပါတီက ကိုယ်စားလှယ်တွေနဲ့ လေ့လာသူတွေ စုစုပေါင်း ၁၀၀ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒီဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တချို့ရဲ့ သဘောထားအမြင်တွေကိုလည်း RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။