ဒီအမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့ ရုံးချိန်မှာ တရားခံပြ သက်သေတွေကို တရားရုံးက ပယ်ချပြီးတဲ့နောက် နှစ်ဘက်ရှေ့နေတွေ အပြန်အလှန် လျှောက်လဲချက် ပေးခိုင်းခဲ့ပါတယ်။ အဲဒီလို ကြာသပတေးနေ့က နှုတ်နဲ့ လျှောက်လဲချက်ပေးခဲ့ပြီး အခုအပတ် တနင်္လာနေ့၊ မနေ့က လျှောက်လဲချက်ကို စာနဲ့တင်ပြခဲ့ရပြီး ဒီနေ့အမှုချိန်းမှာ စီရင်ချက်ချ လိုက်တာလို့ ဖဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေဦးကြီးမြင့်က ပြောပါတယ်။ ခုလို တရားရုံးကစီရင်ချက်ချလိုက်ချိန်မှာ ဖဒိုမန်းငြိမ်းမောင် အနေနဲ့ ဘာမှတ်ချက်မှ မပေးသလို အယူခံပြန်တက်ဖို့ ကိစ္စလည်း မေးမြန်းလို့ မရကြောင်း ဦးကြီးမြင့်က ပြောပါတယ်။ တရားရုံးက ချမှတ်လိုက်တဲ့ အမိန့်တွေကို မိတ္တူကူးပြီးချိန်မှာ ဖဒိုမန်းငြိမ်းမောင် ရှေ့နေတွေ လာမယ့်အပတ်အတွင်း ပြန်တွေ့ပြီး အယူခံကိစ္စကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။ ဖဒိုမန်းငြိမ်းမောင်ကို အရင်နှစ် ဇူလိုင်လက လူဝင်မှုကြီးကြပ်ရေးအမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ တရားရုံးက အဲဒီအမှုအတွက် ထောင်ဒဏ်ခြောက်လ စီရင်ချက်ချခဲ့ပြီး လွတ်ရက်စေ့ဖို့ ရက်ပိုင်းအလိုမှာ နိုင်ငံတော် ပုန်ကန်မှု၊ မတရားသင်း ဆက်သွယ်မှုတွေနဲ့ ထပ်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကို ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
0:00 / 0:00