နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အကျိုးဆောင်နေသူများ အဖွဲ့ကလည်း မှားယွင်း စွဲချက် တင်ထားတဲ့ ပုဒ်မ တချို့ကို ပြန်လည် ဖျက်သိမ်းပေးရေး အတွက် ဆောင်ရွက်မယ်လို့ ဒီကနေ့ ပြောကြားလိုက် ပါတယ်။ အင်းစိန်ထောင်မှာ ကျန်ရှိသေးတဲ့ နိုင်ငံရေး အကျဉ်းသား မပါဘဲ မြန်မာ တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသား ၂၇၅ ဦး ကျန်နေသေးတယ်လို့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အဖွဲ့က ကိုတိုးကျော်လှိုင်က ပြောပါတယ်။ NLD လူမှု အထောက်အကူပြု အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားများ ကူညီ ထောက်ပံ့ရေး တာဝန်ခံ ဦးစောနိုင်းနိုင်းကလည်း ကျန်ရှိနေသေးတဲ့ စာရင်း ပြုစုနေတယ်လို့ ပြောပါတယ်။ နေပြည်တော်မှာ ပြီးခဲ့တဲ့ စနေနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ဖောက်ခွဲမှုလို ပြစ်မှုတွေနဲ့ ပြစ်ဒဏ် ကျခံရသူတွေ ကတော့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ အကျုံးမဝင်ဘူးလို့ ပြောခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ဆောင်ရွက်နေသူတွေ ကတော့ ဒီလူတွေဟာ မကျူးလွန်ဘဲ အစွပ်စွဲခံနေရတဲ့ အတွက် သူတို့ လွတ်မြောက်ရေး အတွက် ဆောင်ရွက်မယ်လို့ ပြောပါတယ်။ တကယ် ကျူးလွန်ခဲ့ခြင်း မရှိဘဲ ဗုံးဖောက်ခွဲမှုနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများ ကွန်ရက်အဖွဲ့က ဦးမြင့်အေး အမှုနဲ့ ကိုသန်းဇော် အပါအဝင် လူ ၅ ဦးရဲ့ အမှုတွေကို ဥပဒေကြောင်း အရ ပထမဆုံး အဆင့် အဖြစ် ဆောင်ရွက်မယ်လို့ ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ကျန်ရှိသေးတဲ့ နိုင်ငံရေး အကျဉ်းသား စာရင်း ပြုစုနေတဲ့ အကြောင်းနဲ့ နိုင်ငံရေး ပုဒ်မနဲ့ မဟုတ်ဘဲ မှားယွင်း စွဲချက်တင်ထားတဲ့ ပုဒ်မတချို့ကို ပြန်လည် ဖျက်သိမ်းပေးရေး ဆောင်ရွက်မယ့် အကြောင်းတွေကို ဒေါ်စမ်းစမ်းတင်က စုစည်းတင်ပြထားပါတယ်။
0:00 / 0:00