ယခုနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူတွေ မရှိစေရဘူးလို့ သမ္မတ ဦးသိန်စိန် ကတိပြု ပြောဆိုထားတဲ့အတိုင်း၊ ဒီလအတွင်း နိုင်ငံရေးအကျဉ်းသားအများအပြား ပြန်လွတ်လာနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက လက်ရှိအကျဉ်းကျခံနေရသူ ၆၃ ဦး ကို နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ပြီး ပြန်လွှတ်ပေးဖို့ ထောက်ခံထားကြောင်း၊ အားလုံးပြန်လွတ်လာဖို့များကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
အဖွဲ့ဝင် ၁၉ ဦးပါ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ဇူလိုင်လက ဗြိတိန်နိုင်ငံကို ရောက်ရှိခဲ့စဉ်အတွင်း နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးမယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။ ဦးဉာဏ်ဝင်းကလည်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား ရှိတော့မှာမဟုတ်ကြောင်း သမ္မတက အကြိမ်ကြိမ်ပြောကြားခဲ့တာကြောင့် ဒီနှစ်မကုန်ခင် ပြန်လွတ်လာကြမယ်လို့ မျှော်လင့်ရကြောင်း ပြောပါတယ်။
ဒါပေမယ့် ပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦၤးကတော့ အကျဉ်းသားလွှတ်ရေးနဲ့ ပတ်သက်ပြီး သမ္မတဆီက ညွှန်ကြားချက်တစုံတရာ မရရှိသေးဘူးလို့ ပြောဆိုကြောင်း ရိုက်တာသတင်းက ဆိုပါတယ်။
အနောက်နိုင်ငံတွေက သမ္မတ ဦးသိန်းစိန်ကို ထောက်ခံကြတာဟာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတာကလည်း အဓိက အကြောင်းတစ်ချက်ဖြစ်ပါတယ်။ အစိုးရသစ်တက်လာပြီးတဲ့နောက် အခုထိ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တာ ၁၂ ကြိမ် ရှိခဲ့တဲ့အတွက် အမေရိကန်နဲ့ အီးယူတို့ရဲ့ ယုံကြည်မှုရရှိခဲ့ပါတယ်။ ဒါပေမဲ့ ထပ်လွှတ်ပေးဖို့ လိုနေသေးတယ်လို့ ဝေဖန်သူတွေနဲ့ ကုလသမဂ္ဂက ပြောပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ်ကင်တားနားကလည်း ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုသော်လည်း၊ နိုင်ငံရေးနဲ့နွယ်တဲ့ လတ်တလော ဖမ်းဆီးမှုတွေအပေါ် စိုးရိမ်ကြောင်း ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ကလည်း မြန်မာနိုင်ငံအနှံ့က အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၅ဝ လောက် ကျန်ရှိနေသေးပြီး၊ နိုင်ငံရေးလှုပ်ရှားမှုနဲ့ တရားစွဲဆိုခံထားရ သူ ၂၃ဝ လောက်ရှိတယ်လို့ ပြောပါတယ်။