ပညာရေး ပြုပြင်ပြောင်းလဲရေး ညီလာခံ ကျင်းပမည်

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အတွက်ဆိုရင် အရင်ဆုံး ပညာရေးဆိုင်ရာ ဥပဒေ ပေါ်ထွက်လာဖို့ လိုအပ်တယ်လို့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ကျင်းပတဲ့ ပညာရေးကွန်ရက်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပညာရေးကွန်ရက်တာဝန်ခံ ဒေါက်တာ သိန်းလွင်က ပြောပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက်အနေနဲ့ ညီလာခံတစ်ခုကိုလည်း လာမယ့်ဇွန်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ရန်ကုန်၊ ခဝဲခြံ မျက်မမြင်ကျောင်းမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒီညီလာခံကျင်းပမယ့် ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ပညာရေးကွန်ရက် တာဝန်ခံ ဒေါက်တာသိန်းလွင်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ပြည်သူလူထုရဲ့တင်ပြတဲ့ အကြံပေးချက်များကို ပြည်သူ့လွှတ်တော်က စဉ်းစားပြီးတော့ မြန်မာနိုင်ငံနဲ့ကိုက်တဲ့ အမျိုးပညာရေးမူဝါဒတစ်ရပ်ချမှတ်ဖို့ ဒီလူထုတင်ပြချက်အပေါ်မှာချမှတ်တဲ့ ပညာရေးမူဝါဒအဖြစ်ကို ဆောင်ရွက်တာဖြစ်ပါတယ်၊ အဲဒီပညာရေးမူဝါဒတစ်ရပ်ရှိလာရင် ဒီဥပဒေပြုအဖွဲ့ကနေပြီးတော့ ပညာရေးဥပဒေပြဌာန်းပြီးတော့ အဲဒီဥပဒေကိုတစ်နိုင်ငံလုံး လိုက်နာဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ပညာရေးညီလာခံကျင်းပဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်”

ပညာရေးကွန်ရက်အနေနဲ့ တိုင်းဒေသကြီးတွေမှာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် လိုက်လံဆွေးနွေးခဲ့တဲ့ တွေ့ရှိချက်တွေကို ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။

အဲဒီညီလာခံကျင်းပရေးအတွက် ပါတီပေါင်းစုံ၊ အဖွဲ့စည်းပေါင်းစုံအပြင် အသိပညာရှင်၊ အတတ်ပညာရှင်တွေ ပါဝင်ဆွေးနွေးခဲ့ကြပေမယ့် အစိုးရပညာရေးဝန်ကြီးဌာနက အကြံပြုဆွေးနွေးတာ မရှိခဲ့ဘူးလို့သိရပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ကျင်းပရတာဟာ မြန်မာနိုင်ငံမှာ အမျိုးသားပညာရေး မူဝါဒတစ်ရပ် ချမှတ်နိုင်ဖို့ဖြစ်ပြီး ၊ ပညာရေးကွန်ရက် ညီလာခံက ထွက်ပေါ်လာတဲ့ အကြံပြုချက်တွေကို လွှတ်တော်ကို တင်ပြသွားမယ်လို့လည်း သိရပါတယ်။