ရခိုင်ပြည်နယ် မြေပုံမြို့နယ် မြောက်ကြိမ်ကျေးရွာအုပ်စုမှာ အကျဉ်းဦးစီးဌာနက သိမ်းထားတဲ့ လယ်ယာမြေဧက ၂၀၀ ကျော်ကို မူလတောင်သူတွေထံ ပြန်လည်စွန့်လွှတ်ဖို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ ထံ တောင်သူ ၄၀ ကျော်က လက်မှတ်ရေးထိုးပြီး ဒီနေ့ စာပေးပို့တောင်းဆိုလိုက်ပါတယ်။
ဒေသခံတောင်သူတွေ စားဝတ်နေရေး မပြေလည်တဲ့အတွက် အဲဒီလယ်ယာမြေတွေကို ပြန်လည်စွန့်လွှတ်ဖို့ တောင်းဆိုတာလို့ လက်မှတ်ရေးထိုးတောင်းဆိုရာမှာပါဝင်တဲ့ တံတားဦးကျေးရွာက တောင်သူ ဦးရွှေသန်း က ပြောပါတယ်။
"ကျနော်တို့က နိုင်ငံတော်သမ္မတဆီကို တင်ပြတယ်၊ ကျနော်တို့ရဲ့ လယ်ယာမြေတွေကို လယ်ယာမြေဖော် ထုတ်ရေးအဖွဲ့က ပြန်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော်တို့ကတင်ပြတာပေါ့၊ ကျနော်တို့က ခုဆိုဘာမှ လုပ်စားစရာမရှိတဲ့ဘဝကို ရောက်နေကြတယ်၊ အဲဒါကြောင့် ကျနော်တို့ မျှော်လင့်ချက်နဲ့ သမ္မတဆီတင်ပြတာပါ"
အဲဒီလယ်ယာမြေတွေကို ပြန်လည်စွန့်လွှတ်ဖို့အတွက် မြောက်ကြိမ်ကျေးရွာက ၂၅ ဦး၊ တံတားဦးကျေးရွာက ၁၂ ဦးနဲ့ လွမ်းလုံးပိုက်ကျေးရွာက ၆ ဦး စုစုပေါင်း တောင်သူ ၄၃ ဦးက စုပေါင်းလက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။
မြောက်ကြိမ်ကျေးရွာအုပ်စုမှာရှိတဲ့ အဲဒီလယ်ယာမြေဧက ၂၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်လောက်က အကျဉ်းဦးစီးဌာနက သိမ်းယူခဲ့တာဖြစ်ပြီး ပုစွန်ကန်လုပ်ငန်း၊ စပါးစိုက်လုပ်ငန်း၊ ဆားချက်လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
၂၀၁၀ ခုနှစ်မှာတော့ အကျဉ်းဦးစီးဌာနက လုပ်ငန်းတွေအားလုံးရပ်ဆိုင်းခဲ့ပြီး လုပ်ငန်းရှင်အချို့ကို ဒီနေ့အချိန်အထိ ဆက်လက်ငှားရမ်းလုပ်ကိုင်စေခဲ့တယ်လို့ တောင်သူ ဦးရွှေသန်းကပြောပါတယ်။
အဲဒီလယ်ယာမြေတွေကို ပြန်လည်စွန့်လွှတ်ဖို့အတွက် စစ်တွေမြို့မှာရှိတဲ့ အကျဉ်းဦးစီးဌာနရုံးကို တောင်သူတွေက ပြီးခဲ့တဲ့ အပတ်က သွားရောက်ပြောဆိုခဲ့ရာမှာ နေပြည်တော်၊ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စီစစ်ရေးဗဟိုကော်မတီကို တောင်သူတွေကိုယ်တိုင် တင်ပြဖို့ ပြန်လည်ပြောဆိုခဲ့တာကြောင့် ဒီနေ့ စာပေးပို့တောင်းဆိုလိုက်တာလို့ သိရပါတယ်။