ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တပ်မတော်အစိုးရလက်ထက်က သိမ်းဆည်းထားခဲ့တဲ့ လယ်မြေဧက ၆ဝဝဝ ကျော် ကို တောင်သူတွေလက်ထဲ ပြန်လည်ပေးအပ်ဖို့အတွက် ကြိုးပမ်းသွားမယ်လို့ ရခိုင်ပြည်နယ် လွှတ်တော် နိုင်ငံသား များ မူလအခွင့်အရေးနဲ့ အထူးကိစ္စရပ်များ လေ့လာစုံစမ်းရေး ကော်မတီက ပြောပါတယ်။
စီမံကိန်းတွေအတွက် သိမ်းဆည်းထားခဲ့တာဖြစ်ပေမယ့် ဒီနေ့အထိ အကောင်အထည်ဖော်တာ မရှိ တာကြောင့် တောင်သူတွေလက်ထဲ ပြန်လည်ပေးအပ်ဖို့ လာမယ့် ရခိုင်ပြည်နယ်လွှတ်တော်မှာ အစီရင်ခံစာ တင်သွင်းသွားမယ်လို့ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ အမ်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ပြောပါတယ်။
"အမ်းမြို့ပေါ်မှာ သိမ်းဆည်းထားတဲ့ မြို့သစ်စီမံကိန်းတည်ဆောက်မယ်ဆိုပြီးတော့ သိမ်းထား တဲ့မြေတွေရှိတယ်၊ ဒီပေါ်မှာခုထက်ထိ မြို့သစ်တည်ဆောက်တာမရှိဘဲနဲ့ ဒီတိုင်းဦးပိုင်မြေ ဂရန်တွေ ရောင်းစားနေတာ ကို တွေ့တယ်ခင်ဗျ၊ နောက်တစ်ချက် က ရေအားလျှပ်စစ်ဖော်ဆောင် မယ်ဆိုပြီးတော့ နေရာတွေ သိမ်းဆည်းထားတာကိုလည်း တောင်သူတွေကပြောတယ်ခင်ဗျ၊ နိုင် ငံတော်က မလိုအပ်တော့ဘူး ဆိုရင်ပြည်သူတွေလက်ထဲ ကိုပြန်ရောက်အောင် ကျနော်တို့ ဒီလိုပဲ အစိုးရအဖွဲ့ကို လှုံ့ဆော်သွားမယ်ခင်ဗျ"
တပ်မတော်အစိုးရလက်ထက် ပြီးခဲ့တဲ့ ၁၉၉၂ ခုနှစ်ဝန်းကျင်လောက်က အဲ့ဒီလယ်ယာမြေဧကပေါင်း ၆ဝဝဝ ကျော် ကို အမ်းမြို့သစ်နဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေအတွက် သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီမြေယာတွေကို ဌာနဆိုင်ရာဝန်ထမ်းတချို့က ဦးပိုင်အမည်ဖောက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေကို တဆင့်ရောင်းချနေတာတွေကို တွေ့ရကြောင်းလည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတောင်သူတွေဘက်က ပေးပို့လာတဲ့ တိုင်ကြားစာ ၂ဝဝ လောက်ကိုလည်း လက်ခံရရှိထားတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ နိုင်ငံသားများမူလအခွင့်အရေးနဲ့ အထူးကိစ္စရပ်များ လေ့လာ စုံစမ်းရေးကော်မတီ၊ လယ်ယာသားငါးသစ်တောကော်မတီ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ စည်ပင်သာ ယာရေးကော်မတီတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကစတင်ပြီး အမ်း၊ သံတွဲ၊ ကျောက်ဖြူ စတဲ့ မြို့နယ်တွေကို သွားရောက်ပြီး ဒေသခံတွေနဲ့တွေ့ဆုံနေတာဖြစ်ပါတယ်။
သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို လာမယ့် ရခိုင်ပြည်နယ်လွှတ်တော်မှာ အစီရင်ခံစာအသီးသီး တင်သွင်းကြ ရမှာဖြစ်ပါတယ်။