ပြည်တွင်းခရီးစဉ်နဲ့ ပတ်သက်ပြီး RCSS/SSA ဥက္ကဌ ရှင်းလင်းပွဲပြုလုပ်

0:00 / 0:00

နေပြည်တော်အပါအဝင် ရှမ်းပြည်နယ် အတွင်းက ပါတီခေါင်းဆောင်တွေနဲ့ ဒေသခံပြည်သူတွေထံ သွားရောက်ခဲ့တဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းအဖွဲ့ရဲ့ ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ်ဟာ ထိုင်းမြန်မာ နယ်စပ်တစ်နေရာမှာ ဒီနေ့ နေ့လယ်ပိုင်းက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေ သွားနိုင်ဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကတိဝန်ခံချက် လက်မှတ်ထိုးဖို့နဲ့ အပစ်အခတ်ရပ်စဲထား ပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲကို ထပ်ဆင့်သွားနိုင်ဖို့ သွားရောက်ဆွေးနွေးညှိနှိုင်းခဲ့တာဖြစ်ပြီး နိုင်ငံတော် ညစာစားပွဲမှာ စားသောက်ရင်း အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ဖို့ သွားတဲ့ခရီးစဉ်ဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချူပ်ကြီး ယွက်ဆစ်က ပြောပါတယ်။

ဒီခရီးစဉ်မှာ ရှမ်းပြည်နယ်ဝန်ကြီးချူပ်အပါအဝင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချူပ်က ခေါင်းဆောင်တွေ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ခေါင်းဆောင်တွေနဲ့ ဒေသခံပြည်သူတွေကို တွေ့ဆုံခွင့်ရခဲ့ပြီး ရှမ်းပြည်နယ်တွင်းက အခြေအနေတွေကို သိခွင့်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့အတွက် ခိုင်မာတဲ့ကတိကဝတ်တွေပါဝင်တဲ့ အချက်တွေပြည့် စုံတဲ့အခါ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို UNFC အနေနဲ့ လက်မှတ်ထိုးဖို့ ပြင်ဆင်ဆောင်ရွက်နေချိန်အတွင်း RCSS အဖွဲ့ဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကတိဝန်ခံချက်ကို ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးခဲ့တာလို့ ဆိုပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး အသေးစိတ်ကို RFA သတင်းထောက် ဦးအောင်မိုးမြင့် က ထိုင်းနိုင်ငံကနေ သတင်းပေးပို့ထားပါတယ်။