ရှမ်းပြည်နယ်၊ သိန္နီမြို့နဲ့ ကွတ်ခိုင်မြို့နယ်တို့မှာ ငွေကျပ်သိန်းပေါင်း ၇၂၈,၀၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သိန္နီမြို့အထွက် အိုရီယမ်တယ်တိုးဂိတ်အနီးမှာ မောင်းနှင်လာတဲ့ မော်တော် ယာဉ်ပေါ်ကနေ ဘိန်းဖြူ ဆပ်ပြာ ခွက် ၁,၀၀၀ ကျော်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ တို့ကို ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျော်ထွန်း(ခ)အိုက်ထွန်း(၃၁)နှစ်၊ စိုင်းလှကျော် (၄၅)နှစ်၊ ရန်အယ် (၂၅)နှစ်နဲ့ ကူကျန်းလျှန် (၂၅) နှစ်တို့ကို အမှုဖွင့်အရေးယူခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ကွင်းဆက်ဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာက လောက်ယောင်းရဲ့ နေအိမ်အတွင်းမှာ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း သိန်း ၃၀၀ ပြား၊ အိုက်စ် မူးယစ်ဆေးဝါး အလေးချိန် ၁၇၅၀ ကီလို၊ ဘိန်းဖြူ ဘလောက်တုံး ၁၃၆၀၊ ဘိန်းဖြူဆပ်ပြာခွက် ၃၃၀၀ နဲ့ ကဖင်း ၂၀၀ ကီလိုတို့ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ မူးယစ်ဆေးဝါးတွေရဲ့ပိုင်ရှင် လောက်ယောင်းကို မဖမ်းမိသေးတဲ့အတွက် ဖမ်းမိနိုင်ဖို့် ကြိုးပမ်းနေတယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။