မနေ့က ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အခြေအနေတွေတည်ငြိမ်နေပြီဖြစ်ပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ဆောင်ရွက်ထားတယ်လို့ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင်က ပြောပါတယ်။
ဒါးပိုင်ကယ်ဆယ်ရေးစခန်းက လာတဲ့ မွတ်ဆလင် ၇ ဦးကို ခဲနဲ့ဝိုင်းပစ်ပေါက်တာကြောင့် ၁ ဦး သေဆုံးပြီး ၆ ဦး ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး လုံခြုံရေးဆောင်ရွက်ထားတဲ့ အခြေအနေကို စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင်က အခုလိုပြောပါတယ်။
"စစ်တွေမြို့ လုံခြုံရေးကို အားလုံးအပြည့်အဝ ဆောင်ရွက်ပေးထားပါတယ် ခင်ဗျာ"
မနေ့က အခင်းဖြစ်ပွားတဲ့နေရာတွေနဲ့ မင်းဂံရပ်ကွက် အနီးတစ်ဝိုက်တွေမှာ လုံခြုံရေးကိုအဓိက တိုးမြှင့်ချထား တာဖြစ်တယ်လို့လည်း ဒေသခံရဲအရာရှိတွေ ကပြောပါတယ်။
စစ်တွေမြို့နယ် ဒါးပိုင်ကယ်ဆယ်ရေးစခန်းကနေပြီး ရွာကြီးမြောက်ရပ်ကွက် ရောင်နီဦးဆိပ်ကမ်းကို မော်တော် ဘုတ်ဝယ်ယူဖို့လာရောက်တဲ့ မွတ်ဆလင် ၁၀ ဦးဟာ မနေ့ကနေ့လည်ပိုင်းမှာ အုပ်စုလိုက် ခဲနဲ့ဝိုင်းဝန်းပစ်ပေါက် တာကိုခံခဲ့ရတာကြောင့် ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
စစ်တွေမြို့ စစ်တွေ အမှတ်(၂) ရဲစခန်းကနေတစ်ဆင့် ရဲတပ်သားတစ်ဦးရဲ့လုံခြုံရေးအကူအညီနဲ့ ရောင်နီဦးဆိပ်ကို သွားရောက်ရာမှာ ပဋိပက္ခဖြစ်ပွားခဲ့တာဖြစ် ပါတယ်။
ဒဏ်ရာရသူ ၆ ဦးထဲ ၂ ဦးဟာ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပြီး ကျန် ၄ ဦးကိုတော့ ဒါးပိုင်ကယ်ဆယ်ရေး စခန်းကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။
မနေ့ကဖြစ်စဉ်ကြောင့် မွတ်ဆလင် ၁၀ ဦး စီးနင်းလာတဲ့ Super Custom မော်တော်ယာဉ်မှာ ပျက်စီးသွားပါတယ်။
အဲဒီဖြစ်စဉ်တွေမှာပါဝင်တဲ့ တရားခံတွေကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီအရေးယူနိုင်ရေးအတွက် စုံစမ်းစစ်ဆေးနေ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။