ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ခေါင်းဆောင်အပြောင်းအလဲဟာ မထင်မှတ်ပဲ ဖြစ်ပေါ်လာ တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ်ကို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် အပြာင်းအလဲဟာ တိုင်းပြည်နဲ့လွှတ်တော် အပေါ်သက်ရောက်မှုရှိနေတဲ့အတွက် အခုလိုအရေးကြီးနေချိန်မှာ ခရီးထွက်ဖို့ မသင့်တော်တာကြောင့် ရပ်ဆိုင်းလိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ခံဖြစ်သူ NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။
"အဓိကကတော့ နေပြည်တော်မှာဖြစ်နေတဲ့ ကြံ့ခိုင်ရေးခေါင်းဆောင် အပြောင်းအလဲတစ်ရပ်ဟာ တိုင်းပြည် အတွက်လည်း အရေးကြီးတယ်၊ လွှတ်တော်အတွက်လည်း အရေးကြီးတယ်၊ အဲ့လို အရေးကြီးဖြစ်နေတဲ့အချိန်မှာ သာမာန်အားဖြင့် ဘာမှမဖြစ်သလို ခရီးသွားတာမျိုးမလုပ်ချင်လို့ ဆိုင်းငံ့တာပါ"
ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ က ဟိုပုံးမြို့နဲ့ ဆီဆိုင်မြို့မှာ ဒေသခံတွေနဲ့ သွားရောက်တွေ့ဆုံဖို့ မူလက စီစဉ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကြီးခရိုင်အတွင်း အန်အယ်လ်ဒီပါတီကနေ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စား လှယ်လောင်းတွေနဲ့ တွေ့ဆုံဖို့လည်း ပြင်ဆင်ထားတာလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လောလော ဆယ် ရန်ကုန်မြို့မှာ ရှိနေပါတယ်။