ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှ ကြိုဆိုကြောင်း သမ္မတ ဦးသိန်းစိန်ပြောဆို

ပြည်သူ့လွှတ်တော်ကို ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်လာမှာကို ကြိုဆိုပါတယ်။ လွှတ်တော်ကို တက်ဖို့ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အဆုံးအဖြတ်ပေးရမှာ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ဂျပန် သတင်းထောက်များကို ပြောကြားကြောင်း ဂျပန်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

သတင်းထောက်တစ်ဦးရဲ့ အမေးကို ဖြေကြားရာမှာ ဦးသိန်းစိန်က မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနည်းလမ်းတကျ ပြုပြင် ပြောင်းလဲမူတွေ ချမှတ်ပြုလုပ်နေတာကို နောက်ကြောင်းပြန်မှာ မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရည်မှန်းချက်တူညီတဲ့ ဆောင်ရွက်ချက်တွေကို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောသွားပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲများ လုပ်ပေးမပေး မေးမြန်းရာမှာတော့ ဒီကိစ္စကို ပြည်သူကသာ အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ပြည်သူ့ ဆန္ဒနဲ့ ပြည်သူရဲ့ ရွေးချယ်မှုသာ အဓိကဖြစ်ပါတယ်လို့ ဖြေကြားသွားပါတယ်။

NLD ပါတီ အဆိုပြုထားတဲ့ ပါလီမန်လွှွတ်တော်ကို မဝင်ခင် ကျမ်းကျိန်ဆိုရမယ့် စာသားကို ပြင်ဆင်ပေးဖို့ တောင်းဆိုချက်အပေါ် သူ့အနေနဲ့ ဆောင်ရွက်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောတယ်လို့လည်း ဂျပန်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါနဲ့ ပတ်သက်လို့ လိုက်ပါသွားတဲ့ မြန်မာ အရာရှိတစ်ဦးကတော့ အစီအစဉ်မရှိဘူးလို့ သမ္မတက မပြောကြောင်း၊ ဘာသာပြန်ဆိုကြတာ မှားတာဖြစ်ကြောင်း ပြန်လည် ငြင်းဆိုထားပါတယ်။

သမ္မတ ဦးသိန်းစိန် ဂျပန်သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

0:00 / 0:00