မြန်မာ့အရေး ကုလသမဂ္ဂနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတွေ ပြောဆို

မြန်မာနိုင်ငံက မွတ်စလင် ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့်အပါအဝင် လူမျိုးစုတွေရဲ့ ဥပဒေဆိုင်ရာ ပြဿနာတွေကို မြန်မာအာဏာပိုင်တွေအနေနဲ့ လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇူလိုင်လ ၁၀ ရက်နေ့က ပြောလိုက်ပါတယ်။

ဒီလိုဆောင်ရွက်ဖို့ ပျက်ကွက်မယ်ဆိုရင် လက်ရှိပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ထိခိုက်မယ့်အပြင်၊ ဒေသတွင်းမှာလည်း အနုတ်လက္ခဏာဆောင်တဲ့ တုံ့ပြန်မှုဂယက်တွေ ပေါ်ပေါက်လာလိမ့်မယ်လို့လည်း ပြောလိုက်ပါတယ်။

အလားတူ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa ကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ လူသိနည်းတဲ့အခန်းကဏ္ဍကနေပါဝင် ဆောင်ရွက်နေပြီး အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ ၂ နိုင်ငံချင်းဖြစ်စေ၊ ASEAN (Association of Southeast Asia Nations) အာဆီယံအဖွဲ့ကနေဖြစ်စေ၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေနဲ့ ပူးပေါင်းပြီးဖြစ်စေ အပြုသဘော ဆက်ဆံဆောင်ရွက်နေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ဇူလိုင်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းမှာကျင်းပတဲ့ ဟောပြောပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ လုပ်ငန်းစဉ်တစ်ခုသာဖြစ်ပြီး ဖြစ်ရပ်တစ်ခုမဟုတ်ကြောင်း၊ အရှေ့အလယ်ပိုင်းနဲ့ အီဂျစ်နိုင်ငံတွေမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကိုကြည့်ရင် အဖြစ်ပျက်တွေဟာ မထင်မှတ်တဲ့လမ်းကြောင်းတွေကို ပြောင်းလဲသွားတတ်တာတွေ့ရကြောင်း၊ ဒါ့ကြောင့် မြန်မာ့နိုင်ငံရေးမှာ အင်ဒိုနီးရှားအနေနဲ့ အတိတ်ဖြစ်ရပ်သင်ခန်းစာတွေကို အခြေခံပြီး ကူညီပံ့ပိုးတာတွေရှိကြောင်း၊ အထူးသဖြင့် တစ်နိုင်ငံချင်းရဲ့ သဘောထားနဲ့ ချဉ်းကပ်မှုအလိုက်မူတည်ပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ လူမှုရေးပြောင်းလဲမှုတွေမှာ လူမသိသူမသိ အခန်းကဏ္ဍကနေ ပါဝင်နေကြောင်း၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဘန်ကောက်မှာကျင်းပတဲ့ဒီပွဲမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအပြင်၊ မြန်မာပြည်တွင်းက ဘာသာရေး၊ လူမှုရေး ပြဿနာတွေအကြောင်း၊ ထိုင်းတောင်ပိုင်း မငြိမ်သက်မှုနဲ့ ကိုရီးယားကျွန်းဆွယ်အရေး၊ အရှေ့အလယ်ပိုင်းအရေးကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။